ရမှတ်လျှော့ချမှုအား ဝက်စ်ဘရွန်း အယူခံဝင်လာတော့မည်မဟုတ်
===================

ဝက်စ်ဘရွန်းက ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက် အယူခံဝင်လာတော့မှာ မဟုတ်ကြောင်း ကြေညာလာပါတယ်။ ဒါပေမဲ့ ဝက်စ်ဘရွန်းက အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့ အရေးယူမှုအပေါ် လက်ခံနိုင်စရာမရှိကြောင်း ဆိုသွားပါတယ်။
ဝက်စ်ဘရွန်းဟာ ပြီးခဲ့တဲ့လတုန်းက လွတ်လပ်တဲ့ခုံအဖွဲ့ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းအား ချိုးဖောက်မှုအတွက် ၂ ရက်ကြာ ကြားနာစစ်ဆေးပြီးနောက် ရမှတ် ၂ မှတ်လျှော့ချခြင်းခံခဲ့ရပါတယ်။
ဝက်စ်ဘရွန်းဟာ ရာသီသိမ်းရန် ၂ ပွဲအလိုတွင် ရမှတ် ၂ မှတ်လျှော့ချခြင်းခံရမှုကြောင့် အဆင့် ၂၀ နေရာတွင် ရပ်တည်လာကာ တန်းဆင်းဇုန်နှင့် ၆ မှတ်အကွာသို့ ရောက်သွားခဲ့ပြီး လိဂ် ၁ သို့ တန်းဆင်းရနိုင်တဲ့ အခြေအနေနှင့် ကြုံခဲ့ရပါတယ်။
ဒါပေမဲ့ ဝက်စ်ဘရွန်းဟာ ရာသီသိမ်းချိန်မှာတော့ တန်းဆင်းဇုန်နှင့် ၄ မှတ်အကွာတွင် ရပ်တည်ကာ ချန်ပီယံရှစ်တွင် ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ အင်္ဂလိပ်ဘောလုံးလိဂ်ကလပ်က ဝက်စ်ဘရွန်းမှာ အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းကို ကျော်လွန်ကာ ပေါင် ၁.၉၇ သန်း ပိုရှုံးခဲ့ကြောင်း ကြေညာသွားပါတယ်။
အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေး စည်းမျဉ်းအရ ကလပ်များဟာ သုံးနှစ်အတွင်း ပေါင် ၃၉ သန်းအထိ အရှုံးပေါ်ခွင့်ရှိပါတယ်။
တကယ်လို့များ ကလပ်များအနေဖြင့် ပေါင် ၂ သန်းပိုရှုံးလာပါက ရမှတ် ၄ မှတ်အထိ လျှော့ချခံရပါမယ်။
ဝက်စ်ဘရွန်းဟာ ပေါင် ၂.၁ သန်း ငွေပေးချေမှုအား နောက်ဆုံး အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်း တွက်ချက်မှုတွင် ထည့်သွင်းခဲ့ခြင်း မရှိပေမဲ့လည်း အင်္ဂလိပ်ဘောလုံးလိဂ်က ယင်းကို လက်မခံမှုနှင့်အတူ ယခုကဲ့သို့ ၂ မှတ်လျှော့ချခံလာရတာပါ။
ယခုအခါမှာတော့ ဝက်စ်ဘရွန်းဟာ ချန်ပီယံရှစ်တွင် ဆက်လက် ရပ်တည်လာမှုနှင့်အတူ ယင်းအဖြစ်အပျက်အား ပြည်ဖုံးကားချကာ အယူမခံဝင်တော့ဘဲ အနာဂတ်အတွက်သာ အာရုံစိုက် လုပ်ဆောင်တော့ရန် ဆုံးဖြတ်လာပြီ ဖြစ်ပါတယ်။

image