မေဂျာလိဂ်ရဲ့လုပ်ခအများဆုံးရကစားသမားအဖြစ် ပေါင် ၁၈.၅ သန်းဖြင့် လီယွန်နယ်မက်ဆီ ရပ်တည်နေ
====================
လီယွန်နယ်မက်ဆီဟာ တစ်နှစ်လုပ်ခ ဒေါ်လာ ၂၅ သန်း(ပေါင် ၁၈.၅ သန်း)ဖြင့် မေဂျာလိဂ်ရဲ့ လုပ်ခအများဆုံးရကစားသမားအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ မက်ဆီဟာ ဒုတိယလုပ်ခအများဆုံးရကစားသမားထက် လုပ်ခနှစ်ဆကျော် ပိုမို ရရှိကာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။
မေဂျာလိဂ်ကစားသမားများသမဂ္ဂက မေဂျာလိဂ်ကစားသမားများရဲ့ လုပ်ခကို ထုတ်ပြန်ကြေညာလာရာမှာ မက်ဆီက လုပ်ခအများဆုံးရ ကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရှိလာရတာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားစူပါစတားဟာ အပိုဆုကြေးနှင့် အခြားအရာများအပါအဝင် စုစုပေါင်း လုပ်ခမှာ ဒေါ်လာ ၂၈.၃ သန်း(ပေါင် ၂၀.၉သန်း) ရရှိနေတာပါ။
မက်ဆီရဲ့နောက်တွင် ဒုတိယလုပ်ခအများဆုံးရ ကစားသမားအဖြစ် စပါးစ်အသင်းခေါင်းဆောင်ဟောင်းဆန်ဟောင်မင်းက အယ်လ်အေအက်ဖ်စီတွင် တစ်နှစ်လုပ်ခ ဒေါ်လာ ၁၀.၄ သန်း(ပေါင် ၇.၇ သန်း)ရရှိကာ ရပ်တည်နေပါတယ်။ တောင်ကိုရီးယားအသင်းခေါင်းဆောင်ဟာ တစ်နှစ်လုပ်ခ ဒေါ်လာ ၁၁.၂ သန်း ရရှိရေး အာမခံချက် ရရှိထားပါတယ်။
စပါးစ်စတားဟောင်းဟာ အင်တာမိုင်ယာမီရဲ့ ရိုဒရီဂိုဒီပေါလ်နှင့် ဆန်ဒီယေဂိုအက်ဖ်စီတို့မှ ဟာဗေးရင်းလိုဇာနိုထက် အနည်းငယ်ပိုရရှိနေပါတယ်။
ယခုကြေညာလာတဲ့ လုပ်ခအတွင်းထဲမှာ စပွန်ဆာဝင်ငွေမပါဝင်ပါဘူး။
မက်ဆီဟာ ၂၀၂၃ ခုနှစ်တွင် ဖလိုရီဒါအခြေစိုက်ကလပ်သို့ ပြောင်းလာပြီးနောက် ၂၀၂၅ ခုနှစ် မေဂျာလိဂ်ဖလား ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ ကူညီပေးထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၉ ဂိုးသွင်းယူနိုင်ခဲ့ကာ မေဂျာလိဂ်တန်ဖိုးအရှိဆုံးကစားသမားဆုအား ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။