ဥက္ကဌရွေးကောက်ပွဲ ကျင်းပရေး ရီးရဲလ်မက်ဒရစ်ဥက္ကဌပီရက်ဇ် တောင်းဆိုလာ
======================
ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ ဆုဖလားလက်မဲ့ရာသီတစ်ခု ကြုံရပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ဥက္ကဌရွေးကောက်ပွဲ ကျင်းပရေး တောင်းဆိုလာပါတယ်။
ဒါ့အပြင် ပီရက်ဇ်က ၎င်းရဲ့ ဦးဆောင်မှုအောက်တွင် ရှိနေတဲ့ အဖွဲ့အစည်းအား ဆန့်ကျင်တဲ့အဖွဲ့ကို ထပ်မံ ရင်ဆိုင်သွားဦးမည် ဖြစ်ကြောင်း၊ အရိပ်အောက်တွင် ပုန်းအောင်းမနေရန်နှင့် ဥက္ကဌရွေးကောက်ပွဲ ကျင်းပရန်ပါ တောင်းဆိုသွားပါတယ်။
ပီရက်ဇ်ဟာ တနင်္ဂနွေနေ့တုန်းက El Clasico ပွဲတွင် အရေးနိမ့်ကာ ဘာစီလိုနာတို့ ရာသီသိမ်းရန် ၃ ပွဲလိုသေးတဲ့အချိန်တွင် လာလီဂါဖလား ၂ ကြိမ် ဆက်ဆွတ်ခူးသွားပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
အသက် ၇၉ နှစ်ရှိ ပီရက်ဇ်က "ဘယ်ကိုမှ မသွားဘူးဆိုတဲ့အကြောင်း ပြောဖို့ ဒီမှာ ရှိနေတာပါ။ ရွေးကောက်ပွဲအတွက် ဒီမှာ ရှိနေတာပါ။ တကယ်လို့ တစ်ယောက်ယောက်က ရွေးကောက်ပွဲ ကျင်းပချင်တယ်ဆိုရင် ဒါက ခင်ဗျားအတွက် အခွင့်အရေးပါ။ သတင်းစာတွေ၊ မီဒီယာတွေရဲ့အရိပ်အောက်မှာ ခိုမနေပါဘူး။ ပြီးတော့ ကျွန်တော်လည်း အိပ်ယာထဲမှာ လဲမနေပါဘူး။ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖြစ်နေလို့ အခုလို ရှေ့ထွက်ပြီး ဒီမှာ ထိုင်နေတာပါ။ ဂျာနယ်လစ်တွေကို သူတို့စိတ်ကြိုက် လုပ်ခွင့်ပေးလာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
၂၀၀၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ ပီရက်ဇ်ဟာ ၂၀၀၉ ခုနှစ် ဇွန်လကတည်းက ဥက္ကဌအဖြစ် ဆောင်ရွက်လာတာပါ။
ယခု သူဟာ မီဒီယာများကို အသုံးချကာ နောက်ကွယ်မှ သူ့နေရာကို ရယူရေး ကြိုးပမ်းနေတဲ့ အမည်မသိလူတစ်ဦးအား ရင်ဆိုင်ရန် အခုကဲ့သို့ မီဒီယာရှေ့မှောက်သို့ ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ပီရက်ဇ်ဟာ မီဒီယာတစ်ခုခုရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
ဆက်လက်ပြီး ပီရက်ဇ်က "ကျုပ်က ကမ္ဘာ့အကြီးမားဆုံးကလပ်ကို ဦးဆောင်နေတာပါ။ ကျွန်တော် ရရှိနေတဲ့ ချီးကျူးမှုကို ခင်ဗျားတို့ ခန့်မှန်းလို့တောင် ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဖွဲ့ဝင် တစ်သန်း ကျွန်တော့်နောက်မှာ ရှိနေတယ်။ အရမ်းလည်း ပျော်တယ်"လို့ ပြောကြားသွားပါတယ်။
ပီရက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်ဥက္ကဌအဖြစ် ထပ်မံ ရွေးကောက်ခြင်းခံလာရပါက ဘင်ဖီကာတွင် တာဝန်ထမ်းဆောင်နေတဲ့ နည်းပြဟောင်းဟိုဆေးမော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်လာဖို့ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၄-၂၅ ရာသီတုန်းက ယူအီးအက်ဖ်အေစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားတို့ ဆွတ်ခူးခဲ့ပေမဲ့ ၂ ရာသီဆက် အရေးပါတဲ့ ဆုဖလား ဆွတ်ခူးလာခဲ့ခြင်း မရှိပါဘူး။
တဖက်တွင် ရီးရဲလ်မက်ဒရစ်အဝတ်အစားလဲခန်းအတွင်း ပြဿနာများစွာ တက်နေပြီး ကွင်းလယ်ကစားသမားဗယ်ဗာဒီမှာ ကစားဖော်ချူအာမီနီနှင့် အချင်းများရာမှ ဆေးရုံတက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။