မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ရေး ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်
=====================

ရီးရဲလ်မက်ဒရစ်ဟာ နည်းပြရာထူးအတွက် ဟိုဆေးမော်ရင်ဟိုအား ပြန်လည်ခန့်အပ်ရေး ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်ပါတယ်။
အသက် ၆၃ နှစ်ရှိ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက် တစ်ဦးတည်းသောနည်းပြအဖြစ် ထိပ်ဆုံးမှ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။
သူဟာ ဇန်နဝါရီလတုန်းက ဇာဘီးအလွန်ဆို ထွက်ခွာသွားပြီးနောက် တာဝန်ထမ်းဆောင်လာခဲ့တဲ့ အယ်ဗာရိုအာဘီလိုအာရဲ့ နေရာတွင် အစားထိုးတာဝန်ယူလာမှာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ ဇာဘီးအလွန်ဆို ထွက်ခွာသွားပြီးနောက် မော်ရင်ဟိုကို ခန့်အပ်ရေး ဆွေးနွေးခဲ့ဖူးပါသေးတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက မွေးရပ်မြေပေါ်တူဂီသို့ ပြန်ရောက်လာကာ ဘင်ဖီကာအား ၂ နှစ်စာချုပ်ဖြင့် ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
မကြာသေးမီတုန်းက သတင်းစာရှင်းလင်းပွဲတွင် အနာဂတ်နှင့်ပတ်သက်ပြီး တစုံတရာ မပြောကြားလိုကြောင်း မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။
မော်ရင်ဟိုဦးဆောင်တဲ့ ဘင်ဖီကာဟာ လာမဲ့ စနေနေ့တွင် ရာသီသိမ်းပွဲအဖြစ် အက်စတိုရဲလ်ပရီယာနှင့် ရင်ဆိုင်ကစားရပါမယ်။
မော်ရင်ဟိုဟာ ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ဖူးပြီး လာလီဂါဖလား၊ ကိုပါဒယ်ရေးနှင့် စပိန်စူပါဖလားတို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image