တိုင်းနဲ့ ပြည်နယ်တချို့မှာ လာမယ့်ရက်အတွင်း မိုးများနိုင်တာကြောင့် ရုတ်တရက်ရေကြီးမှု သတိပြုဖို့လို

လာမယ့်ရက်အတွင်း တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်တို့မှာ မိုးများနိုင်တာကြောင့် ရုတ်တရက်ရေကြီးမှု သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောပါတယ်။
လက်ရှိအချိန်ဟာ မုတ်သုန် စတင်ဝင်ရောက်လာတဲ့ မိုးဦးလေဦးကာလ ဖြစ်သလို လေဖိအားနည်းရပ်ဝန်း ဖြစ်လာတဲ့ အခြေအနေလည်း ရှိနေတာကြောင့် လာမယ့် မေ ၁၄ ရက်နေ့ကစပြီး အနောက်တောင်လေ အရှိန်ကောင်းလာနိုင်တဲ့အတွက် အဲဒီ တိုင်းနဲ့ ပြည်နယ်တွေမှာ ၂၄ နာရီအတွင်း ခန့်မှန်းမိုးရေချိန် ၄၀ မီလီမီတာကနေ ၉၀ မီလီမီတာအထိ ရွာသွန်းနိုင်ကာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
“အဲဒီနေရာတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်လာနိုင်တယ်။ နောက်တခုက နေရာကွက်ပြီး မိုးများတာကြောင့် ရုတ်တရက် ရေကြီးလာနိုင်တဲ့အန္တရာယ်တွေ ရှိတယ်။ လေပြင်းတိုက်တဲ့ သဘာဝဘေးလည်း ဖြစ်နိုင်ပါတယ်။ အဓိက သတိပြုရမယ့် နောက်တချက်က မိုးကြိုးအန္တရာယ်ပေါ့။ မေလ ဒုတိယပတ်အတွင်းမှာ ကုန်းတွင်းပိုင်းမှာ အပူရှိန်က မြင့်နေသေးတယ်။ ပင်လယ်က စိုထိုင်းစ ဝင်ရောက်တာတွေလည်း ရှိတယ်။ အဲဒီတော့ မိုးထစ်ချုန်း ရွာတဲ့အချိန်မှာ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ ဒါတွေလည်း အထူးဂရုပြုဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။
ခန့်မှန်းချက်တွေအရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာလည်း မိုးရေချိန် ၁၅ မီလီမီတာကနေ ၄၀ မီလီမီတာအတွင်း မိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှား ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အစရှိတဲ့ ဒေသတွေမှာတော့ မေလ ဒုတိယပတ်အတွင်း နေရာကွက်ကျားသာ မိုးရွာသွန်းမှု ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ကပ္ပလီပင်လယ်ပြင်နဲ့ မြန်မာ့ကမ်းရိုးတန်း ဒေသတလျှောက်မှာလည်း လေတိုက်နှုန်း တနာရီ မိုင် ၃၀ ကနေ ၄၀ လောက် ရှိနိုင်တယ်လို့ သိရပြီး မုတ်သုန်လေ စတင်ဝင်ရောက်ချိန်မှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာတာကြောင့် ကုန်းတွင်းပိုင်းတွေမှာ ဒေသအလိုက် လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
အနောက်တောင် မုတ်သုန်လေဟာ မေ ၁၅ ရက်ကနေ ၁၈ ရက်အတွင်းမှာ တနင်္သာရီတိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်ကို စတင် ဝင်ရောက်မှာဖြစ်ပြီး မေ ၂၁ ရက်ကနေ ၂၄ ရက်အတွင်းမှာတော့ မြန်မာတနိုင်ငံလုံးကို ဆက်လက် ဝင်ရောက်သွားနိုင်တယ်လို့ သူက ပြောပါတယ်။
“အနောက်တောင် မုတ်သုန်လေဝင်တာနဲ့ မိုးကဆက်သွားမှာပါ။ သူ့ဒေသအလိုက်ပေါ့။ မေ ၁၅ ရက်နေ ၁၈ အတွင်းမှာ ခုဏက တနင်္သာရီတိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်၊ ပြီးတော့ မြန်မာနိုင်ငံ တောင်ပိုင်းက ဧရာဝတီတိုင်း၊ ပဲခူးတိုင်းပေါ့။ တချို့ တောင်သူတွေဆို ကျွန်တော့်ဆီမှာ လှမ်းမေးပြီး ထယ်ရေး စပြင်တာတွေ လုပ်နေကြပါပြီ။ အခုရွာတဲ့မိုးက ဖျက်မိုး မဟုတ်ဘူး။ ဖျက်မိုးဆိုတဲ့ ဝေါဟာရက မိုးလယ်ကာလနဲ့ မိုးနှောင်းကာလမှာ ရွာတဲ့မိုးကို ခေါ်တာ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
လက်ရှိ မိုးကြိုကာလနဲ့ လာမယ့် မိုးဦးကာလအတွင်း ရွာသွန်းတဲ့မိုးဟာ ပုံမှန်သာဖြစ်ပြီး မိုးကြိုကာလဟာ မတ်လ ၁၆ ရက်ကနေ မေလအလယ် မုတ်သုန် စတင် ဝင်ရောက်ချိန်အထိဖြစ်ကာ မိုးဦးကာလကတော့ မေလ ၁၆ ရက်ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း အနောက်တောင် မုတ်သုန်လေ ဝင်ရောက်ပြီးပါက ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ လေထု မငြိမ်မသက်မှုတွေ ဖြစ်တာတွေ များလာနိုင်ပေမယ့် မုန်တိုင်းဖြစ်နိုင်ခြေကတော့ လျော့ကျသွားနိုင်တယ်လို့ သူက ပြောပါတယ်။

image