ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ဖလားလမ်းကြောင်းပေါ်တွင် ရှိနေပြီးနောက် အာတီတာကို စာချုပ်သစ်ချုပ်ဆိုရေး အာဆင်နယ်ဆွေးနွေးလာမည်
===================
အာဆင်နယ်ဟာ ရာသီအကုန်တွင် နည်းပြမီခေးလ်အာတီတာအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လာပါတယ်။
အာဆင်နယ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပူပူနွေးနွေးပို့ဆောင်ပေးထားတဲ့ စပိန်လူမျိုးနည်းပြအာတီတာရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးပါမယ်။
ဒါပေမဲ့ ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ အာဆင်နယ်ဟာ အာတီတာအား စာချုပ်သစ်ချုပ်ဆိုရေး အကြမ်းဖျင်းဆွေးနွေးမှုများ ပြုလုပ်လာပြီးနောက် နွေရာသီတွင် အပြီးသတ်ဆွေးနွေးမှု ပြုလုပ်လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၄၄ နှစ်ရှိ အာတီတာဟာ ကြားရက်တုန်းက အသင်းကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း အာဆင်နယ်ဟာ တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းနီးပါးရရှိနေတဲ့ အာတီတာရဲ့ ၁၂ လကျန်စာချုပ်အား စာချုပ်သစ်ချုပ်ဆိုရေး လုပ်ဆောင်လာတာပါ။
The Times ရဲ့ဖော်ပြလာမှုအရ အာဆင်နယ်အသင်းစီနီယာအရာရှိများဟာ အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၇၀၀ ကျော် အသုံးပြုခွင့်ပေးလာပြီးဖြစ်တဲ့ အာတီတာအား အသင်းကို ဆက်လက်တည်ဆောက်နေစေလိုနေပါတယ်။
အာတီတာဟ ၂၀၁၉ ခုနှစ်တွင် အာဆင်နယ်ကို ကိုင်တွယ်ပြီးနောက် အက်ဖ်အေဖလား ၁ လုံးတည်းသာ ရယူပေးထားနိုင်ပေမဲ့လည်း ယခုရာသီတွင် ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ ဆွတ်ခူးရေး လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လက်ကျန် ပရီးမီးယားလိဂ် ၃ ပွဲလုံး အနိုင်ရရှိလာပါက ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလာပါမယ်။
ဒါ့အပြင် အာဆင်နယ်ဟာ မေလ ၃၀ ရက်နေ့ စနေနေ့တွင် ဘူဒါပတ်စ်မှာ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရပါမယ်။