ရီးရဲလ်မက်ဒရစ်အသင်းအတွင်း တတိယမြောက်ရန်ပွဲအဖြစ် ဗယ်ဗာဒီနှင့် ချူအာမီနီတို့ ရန်ဖြစ်လာပြီး ကစားသမားအချို့ မခေါ်နိုင် မပြောနိုင် ဖြစ်လာကြ
======================

ရီးရဲလ်မက်ဒရစ်ကစားသမား ၂ ဦးတို့ဟာ လေ့ကျင့်ရေးကွင်းအတွင်း ထပ်မံ ပြဿနာတက်ခဲ့ကြကာ ရာသီကုန်ဆုံးခါနီးအချိန်တွင် အသင်းအတွင်း ပြဿနာပိုမိုကြီးမားစွာ ဖြစ်ပေါ်နေပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက လေ့ကျင့်ရေးအစီအစဉ်တွင် ရူဒီဂါရဲ့ ပါးရိုက်ခြင်းခံခဲ့ရတဲ့ ကစားသမားမှာ အယ်ဗာရိုကာရီရက်စ်ဖြစ်ကြောင်း သိခွင့်ရရှိခဲ့ပါတယ်။
ယခု စပိန်သတင်းစာ Marca က နောက်ထပ် ရီးရဲလ်မက်ဒရစ်ကစားသမားအုပ်စုအတွင်း ပြဿနာသစ်အဖြစ် ဖီဒီဗယ်ဗာဒီနှင့် အူရယ်လီယန်ချူအာမီနီတို့ လေ့ကျင့်ရေးကွင်းအတွင်း ပြဿနာထပ်တက်ခဲ့ကြောင်း ဖော်ပြလာပြန်ပါတယ်။
ယင်းသတင်းစာက ဘောလုံးဖျက်ထုတ်မှုတစ်ခုအတွက် ကစားသမား နှစ်ဦးအကြား ပြဿနာတက်ခဲ့တာ ဖြစ်ပြီး ကစားဖော်များ ဝင်ရောက်ဖြေဖျန်ခဲ့ရကြောင်း သိရပါတယ်။
ဗယ်ဗာဒီနှင့် ချူအာမီနီတို့ဟာ လေ့ကျင့်ရေးကွင်းတွင် ပြဿနာတက်ပြီးနောက် အဝတ်အစားလဲခန်းအတွင်းသို့ ရောက်ချိန်တွင်လည်း ထပ်မံပြဿနာတက်ခဲ့ကြပါသေးတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆုဖလားလက်မဲ့ရာသီတစ်ခုနှင့် ကြုံနေရတာ ဖြစ်ပြီး ယခုအခါ အသင်းအတွင်း ကစားသမားများအကြား ပြဿနာဖြစ်မှု မြင့်မားလာမှုနှင့်အတူ ကစားသမားအချို့တို့မှာ တစ်ဦးနှင့် တစ်ဦး မခေါ်နိုင် မပြောနိုင်ဖြစ်တဲ့အထိ ဖြစ်နေပါတယ်။
ဒါ့အပြင် တစ်ဆက်တည်းတွင် Marca က ရီးရဲလ်မက်ဒရစ်မှ ကစားသမား ၆ ဦးတို့မှာ ယာယီနည်းပြအာဘီလိုအာနှင့် စကားပြောဆိုခြင်း မရှိကြောင်းလည်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအတွင်း နောက်ထပ် ပြဿနာတစ်ခုမှာ ကိုင်လီယန်ဘက်ပေး ဖြစ်ပါတယ်။
ဘက်ပေးဟာ ဒဏ်ရာကြောင့် အနားယူနေရစဉ်အတွင်း ပြီးခဲ့တဲ့အပတ်တုန်းက ချစ်သူသစ် မင်းသမီးအစ်စတာအိတ်စ်ပိုဆီတိုနှင့်အတူ ဆာဒီနီးယားသို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။
အာဘီလိုအာက ကစားသမားများအနေဖြင့် လွတ်လပ်တဲ့အချိန်ကို စိတ်ကြိုက် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပေမဲ့ ကျန် ကစားသမားများက ရာသီမကုန်သေးမီ အားလပ်ရက်သွားခဲ့တဲ့ ဘက်ပေးမှာ အသင်းရဲ့စည်းမျဉ်းစည်းကမ်းကို ချိုးဖျက်နေကြောင်း စွပ်စွဲနေကြပါတယ်။
ဘက်ပေးဟာ ပြီးခဲ့တဲ့လတုန်းက လေ့ကျင့်ခန်းအစီအစဉ်တွင် ကစားတဲ့ပွဲတစ်ပွဲတွင် လူကျွံဘောထောင်ခဲ့တဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးအား ဆဲဆိုမှုပြုလုပ်မှုကြောင့် ပြဿနာတက်ခဲ့သူလည်း ဖြစ်ပါတယ်။
တစ်ဖက်တွင် အသင်းအတွင်း ပြဿနာပေါင်းသောင်းခြောက်ထောင်ကြုံနေရချိန်တွင် ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် တနင်္ဂနွေနေ့တွင် နူးကမ့်သို့ သွားရောက်ကာ ဘာစီလိုနာနှင့် El Clasico ပွဲသွားကစားရပါမယ်။ ဘာစီလိုနာဟာ ယင်းပွဲတွင် အနိုင်ရရှိလာပါက လာလီဂါချန်ပီယံဘွဲအား ကာကွယ်လာပါမယ်။

image