အမိုးဖွင့်ဘတ်စ်ကားဖြင့် ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားချန်ပီယံ အောင်ပွဲခံလှည့်လည်ရန် အာဆင်နယ် စီစဉ်လာ
=======================
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ ဆွတ်ခူးလာပါက မေလ ၃၁ ရက်နေ့ တနင်္ဂနွေနေ့တွင် အမိုးဖွင့်ဘတ်စ်ကားဖြင့် လှည့်လည်အောင်ပွဲခံရန် စီစဉ်လာပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားပြီးနောက် ၂၄ နာရီအတွင်းတွင် အမိုးဖွင့်ဘတ်စ်ကားဖြင့် လှည့်လည်အောင်ပွဲခံရန် စီစဉ်ထားပါတယ်။
မြောက်လန်ဒန်ကလပ် အာဆင်နယ်ဟာ မေလ ၂၄ ရက်နေ့ ခရစ္စတယ်ပဲလေ့စ်နှင့် ရာသီသိမ်းပွဲတွင် ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်ပါက ပရိသတ်များအနေဖြင့် တစ်ပတ်အကြာတွင် အမိုးဖွင့်ဘတ်စ်ကားဖြင့် အောင်ပွဲခံလာတာ မြင်တွေ့ရပါမယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီကို အရေးနိမ့်လာပါကလည်း ပရီးမီးယားလိဂ်ချန်ပီယံအောင်ပွဲခံရန် ကြိုတင်စီစဉ်ထားတာပါ။
အာဆင်နယ်ဟာ အမိုးဖွင့်ဘတ်စ်ကားဖြင့် လှည့်လည်အောင်ပွဲခံရေး အစီအစဉ်အား မနက်ပိုင်း (သို့မဟုတ်) နေ့လည်ပိုင်းတွင် ပြုလုပ်သွားမှာ ဖြစ်ပြီး အစ်စလင်တန်တောင်းဟေးလ်တွင် အဆုံးသတ်လာပါမယ်။
အာဆင်နယ်ဟာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပါက အမိုးဖွင့်ဘတ်စ်ကားဖြင့် ဒရေးတန်ပါ့ခ်၊ အူဘတ်ပါ့ခ်၊ ဟိုက်ဘူရီဂရော့ဗ်၊ စိန်ပေါလ်လမ်း၊ အပ်ပါးလမ်းတို့ကို လှည့်လည်ပြီးနောက် အမ်းမရိတ်ကွင်းတွင် အဆုံးသတ်ရန် စီစဉ်ထားခဲ့ဖူးပါတယ်။
လက်ရှိအချိန်တွင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ ဆွတ်ခူးပါက အမိုးဖွင့်ဘတ်စ်ကားဖြင့် ဆုဖလားလှည့်လည်အောင်ပွဲခံမှုအား ဘယ်လမ်းကြောင်းဖြင့် သွားမယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။
မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ဘာဒါပတ်စ်တွင် ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲကစားပြီးနောက် မေလ ၃၁ ရက်နေ့ နံနက်ပိုင်းအထိ လန်ဒန်သို့ ရောက်လာဦးမှာ မဟုတ်ပါဘူး။
တဖက်တွင် အာဆင်နယ်ကစားသမားအမြောက်အမြားတို့မှာ ကမ္ဘာ့ဖလားအတွက် နိုင်ငံအသင်းများနှင့် ပူးပေါင်းရမှာ ဖြစ်လို့ ကလပ်အနေဖြင့် အချိန်နည်းပါးစွာ ရရှိနေပါတယ်။
အာဆင်နယ်မှ ဒီကလန်ရိုက်၊ ဘူကာယိုဆာကာ၊ အီဘီရီချီအီးဇီး၊ နိုနီမာဒူကီ၊ ဘင်ဝှိုက်တို့ဟာ ဇွန်လ ၁ ရက်နေ့ တနင်္လာနေ့တွင် သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းနှင့် တွေ့ဆုံပွဲ ရှိနေပါတယ်။