မက်ဒရစ်လေ့ကျင့်ခန်းအစီအစဉ်တွင် ရူဒီဂါရဲ့ ပါးရိုက်ခံရတဲ့ ရီးရဲလ်မက်ဒရစ်စတားကို ဖော်ထုတ်နိုင်ခဲ့ပြီ
===================

ရီးရဲလ်မက်ဒရစ်နောက်ခံလူအယ်ဗာရိုကာရီရက်စ်ဟာ ရီးရဲလ်မက်ဒရစ်လေ့ကျင့်ရေးအစီအစဉ်တွင် အန်တိုနီယိုရူဒီဂါနှင့် အချင်းများစဉ် ပါးရိုက်ခံခဲ့ရတယ်ဆိုတဲ့သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးနောက် ကြေညာချက် ထုတ်ပြန်လာပါတယ်။
ဂျာမနီလက်ရွေးစင်အန်တိုနီယိုရူဒီဂါဟာ လွန်ခဲ့တဲ့နှစ်ပတ်တုန်းက ဘက်တစ်နှင့် တစ်ဂိုးစီသရေကျပြီးနောက် လေ့ကျင့်ရေးအစီအစဉ်တွင် အချင်းများစွာ စိတ်မထိန်းနိုင်ဘဲ အယ်ဗာရိုကာရီရက်စ်အား ပါးရိုက်ခဲ့ကြောင်း စပိန်မီဒီယာများက အကျယ်တဝင့်ရေးသားခဲ့ကြပါတယ်။
အစောပိုင်းတုန်းက ရူဒီဂါနှင့် အချင်းများခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားမှာ မည်သူဖြစ်ကြောင်း မသိရပေမယ့်လည်း နောက်ပိုင်းတွင် စပိန်မီဒီယာများက အယ်ဗာရိုကာရီရက်စ်ဖြစ်ကြောင်း ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။
ဒါပေမဲ့ ယခုအခါမှာတော့ အသက် ၂၃ နှစ်ရှိ စပိန်လက်ရွေးစင်ဘယ်နောက်ခံလူကာရီရက်စ်က "ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ ကျွန်တော်နဲ့ပတ်သက်ပြီး လက်တွေ့ဘဝကို မထင်ဟတ်တဲ့ သယ်ဝိုက်ပြောဆိုမှုတွေ၊ မှတ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီကလပ်နဲ့ ပထမနေ့ကတည်းက အလုပ်လုပ်လာခဲ့တဲ့ နည်းပြတွေအတွက် အပြည့်အဝ ပေးဆပ်လာခဲ့တာပါ။ ဆက်ပြီးတော့လည်း ဒီအတိုင်းပဲ ရှိနေပါဦးမယ်။ ဒီကို ပြန်ရောက်လာကတည်းက ပရော်ဖက်ရှင်နယ်ဆန်မှု၊ လေးစားမှု၊ စေတနာအပြည့်နဲ့ အလုပ်လုပ်လာခဲ့တယ်။ အိမ်ပြန်ရောက်ဖို့အတွက် ကျွန်တော့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့တာပါ။ အသင်းဖော်နဲ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလည်း အရေးမကြီးတဲ့အရာဖြစ်သလို ဖြေရှင်းပြီးသားပါ။ တစ်သင်းလုံးနဲ့ ကျွန်တော့်ဆက်ဆံရေး အရမ်းကောင်းပါတယ်"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် မီဒီယာများရဲ့ ဖော်ပြမှုအရ ထိုစဉ်တုန်းက ရူဒီဂါဟာ သူ့ရဲ့ အမှားအတွက် တောင်းပန်မှု ပြုလုပ်ခဲ့သလို တစ်သင်းလုံးနှင့် မိသားစုဝင်များကိုလည်း နေ့လည်စာ လိုက်ကျွေးကာ ပြဿနာပြေလည်စေရေး လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ El Clasico ပွဲစဉ်မတိုင်မီ အသင်းအတွင်း ပဋိပက္ခသတင်းများစွာနှင့် ကြုံနေရပါတယ်။
တဖက်တွင် စပိန်မီဒီယာများက လေ့ကျင့်ရေးကွင်းတွင် ရူဒီဂါနှင့် ကိုင်လီယန်ဘက်ပေးတို့ ပြဿနာတက်နေကြောင်း သတင်းထွက်နေသလို ပြင်သစ်အသင်းခေါင်းဆောင်ဟာ နည်းပြအဖွဲ့ဝင်တစ်ဦးနှင့်လည်း ပြဿနာတက်ခဲ့ကြောင်း သတင်းထွက်နေပါသေးတယ်။

image