ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံးအသင်း ဂုဏ်ပုဒ်ကြီးအား ချဲလ်ဆီး တရားဝင် ရယူလာ
====================
ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံးအသင်း ဂုဏ်ပုဒ်ကြီးကို တရားဝင် ရယူလာပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စပါးစ်က သောမတ်စ်တူချယ်ကို ထုတ်ပယ်လိုက်ပြီးနောက်ပိုင်းတွင် ပရီးမီးယားလိဂ်တွင် ရမှတ်အနည်းဆုံးရယူနိုင်တဲ့အသင်းဖြစ်ကာ ယင်းကာလအတွင်း အချက်အလက်များသာ အခြေခံမည်ဆိုပါက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်နေရပါတယ်။
ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်တွင် ၆ ပွဲဆက် ရှုံးနိမ့်ထားသလို လာမယ့်ပွဲအဖြစ် အန်ဖီးလ်သို့ သွားရောက်ကာ လီဗာပူးအား ရင်ဆိုင်လာရပါဦးမယ်။
ချဲလ်ဆီးဟာ ကွင်းတွင်း ကွင်းပြင် အဆိုးရွားဆုံးကြုံနေရသလို တိုက်စစ်မှ ခံစစ်အထိ အဆိုးဆုံးဖြစ်နေတာပါ။
ကွင်းပြင်ပတွင် ပရိသတ်များဟာ အပတ်စဉ်အပတ်တိုင်း အသင်းပိုင်ရှင်အား ဆန့်ကျင်သပိတ်မှောက်နေကြပြီး ပွဲအများစုတွင် တိတ်တဆိတ်အားပေးလာကြသလို အပတ်တိုင်း ပထမပိုင်းပြီးဆုံးချိန်နှင့် ပွဲပြီးချိန်တို့တွင် ကစားသမားများကို လှောင်ပြောင်မှုများ ပြုလုပ်နေကြပါတယ်။
ကွင်းထဲမှာလည်း လက်ခံနိုင်စရာ အခြေအနေ မရှိပါဘူး။
တန်းမဆင်းရရေး တိုက်ပွဲဝင်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်ကို ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် အသင်းတွင် အကောင်းဆုံးကစားနေတဲ့ အသက် ၁၈ နှစ်အရွယ်ရှိ တောင်ပံကစားသမားဂျက်စီဒါရီ ပထမပိုင်းအတွင်းမှာ ခေါင်းချင်းဆောင့်ပြီး လူစားလဲကာ ဆေးရုံတက်ခဲ့ရပါတယ်။
ဂျာအိုပီဒရိုက အမှတ်ရစရာကောင်းတဲ့ဂိုးအား သွင်းယူနိုင်ခဲ့ပေမဲ့ တစ်သင်းလုံးခြေစွမ်းက ကျေနပ်စရာမရှိပါဘူး။
ဖောရက်စ်ပွဲအပြီးတွင် ပီဒရိုက ချဲလ်ဆီးစတားများအနေဖြင့် ယာယီနည်းပြကာလမ်မက်ဖာလိန်းကို အပြစ်မတင်ဘဲ ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်ကြရန် ပြောကြားသွားပါတယ်။
ကိုယ့်ကိုယ်ကို မှန်မှာကြည့်ပြီး ဆန်းစစ်ရမယ့် ကစားသမားတွေထဲက တစ်ဦးက ကိုးလ်ပါလ်မာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ ပါလ်မာဟာ ချဲလ်ဆီးရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပေမဲ့လည်း ယခုရာသီ ခြေစွမ်းက ပိုချက်တီနို၊ အန်ဇိုမာရက်စ်ကာတို့လက်ထက်တုန်းက ခြေစွမ်းမျိုး မဟုတ်ပါဘူး။
ရာသီအစတုန်းက ဒဏ်ရာပြဿနာများနှင့် ကြုံရမှုရဲ့ နောက်ဆက်တွဲအဖြစ် ခြေစွမ်းကလည်း အနုတ်လက္ခဏာပြနေပါတယ်။
ဒဏ်ရာကင်းကင်းနှင့် ကစားနိုင်ကြပြန်တော့လည်း ခြေစွမ်းက အားရစရာ မရှိပါဘူး။
လက်ရှိအနေအထားအရ ကိုးလ်ပါလ်မာဟာ လာမယ့်နွေရာသီတွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပါဝင်ဖို့တောင် မရေမရာ ဖြစ်လာနေပါတယ်။
သူဟာ ချဲလ်ဆီးအတွက် ပထမဆုံးကစားတဲ့ ၆၆ ပွဲတွင် ၃၇ ဂိုးအထိ သွင်းကာ ၂၁ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပေမဲ့ ယင်းနောက်ပိုင်း ၆၁ ပွဲတွင် ၁၆ ဂိုးသာ သွင်းနိုင်ကာ ၁၀ ကြိမ်တည်းသာ ဖန်တီးထားနိုင်ပါတယ်။
ချဲလ်ဆီးရဲ့ တိုက်စစ်ပိုင်းက အားရစရာ မရှိသလို ခံစစ်ပိုင်းကလည်း နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲတွင် ၃ ပွဲမှာ ၃ ဂိုးစီပေးထားခဲ့ရပါတယ်။
ချဲလ်ဆီးဟာ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၉ အထိ ဆင်းလာရကာ လာမယ့်ရာသီ ကွန်ဖရင့်လိဂ်ဝင်ဖို့တောင် မရေမရာ ဖြစ်နေတဲ့ အနေအထားမှာ ကြုံနေရပါတယ်။ ချဲလ်ဆီးရဲ့ အခြေအနေက လာမယ့်ရက်သတ္တပတ်တွေမှာ ပိုတောင် ဆိုးလာနိုင်ပါသေးတယ်။