ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ပြီးနောက် အာဆင်နယ်ပရိသတ်များရှိရာ ပွဲကြည့်စင်သို့ ခုန်တက်အောင်ပွဲခံခဲ့တဲ့ ဒီကလန်ရိုက်
=====================
အကြီးအကျယ်ပျော်နေတဲ့ ဒီကလန်ရိုက်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ပွဲကြည့်စင်သို့ ခုန်တက်ကာ အာဆင်နယ်ပရိသတ်များနှင့်အတူ အောင်ပွဲခံခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်အလယ်တန်းကစားသမားဟာ အဝတ်အစားလဲခန်းအတွင်းတွင်လည်း ကခုန်အောင်ပွဲခံခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ခဲ့တာ ဖြစ်ပြီး ပရိသတ်များဟာလည်း လန်ဒန်ရှိ လမ်းမများပေါ်တွင် အရက်ဘီယာသောက်စားကာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

အာဆင်နယ်ဟာ အမ်းမရိတ်ကွင်းတွင် ကစားတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ဘူကာယိုဆာကာရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဖြင့် ဗိုလ်လုပွဲသို့ တက်ခဲ့ပါတယ်။

ပွဲပြီးခရာမှုတ်ချိန်မှာတော့ အကြီးအကျယ်ပျော်ရွှင်နေကြတဲ့ အာဆင်နယ်ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များဟာ သီချင်းများသီဆိုကာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

အက်သလက်တီကိုနှင့်ပွဲတွင် အကောင်းဆုံးကစားသွားခဲ့တဲ့ ဒီကလန်ရိုက်ဟာ ကြော်ငြာဆိုင်းဘုတ်များကို ကျော်ခွကာ ပွဲကြည့်စင်ရှေ့တန်းသို့ ပြေးသွားပြီးနောက် ပရိသတ်များနှင့် ပွေ့ဖက်အောင်ပွဲခံခဲ့ပါတယ်။

ပရိသတ်များကလည်း ဒီကလန်ရိုက်ကို ပွေ့ဖက်ပြီး သီချင်းသီဆိုအောင်ပွဲခံခဲ့ကာ ကြည်နူးစရာအခိုက်အတန့် ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘူဒါပတ်စ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်(သို့မဟုတ်) ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားရပါမယ်။

image