ယူနိုက်တက်နှင့် အက်ဖ်အေလူငယ်ဖလားဗိုလ်လုပွဲအား အိုးထရက်ဖို့ဒ်ကွင်းတွင် ကစားရေး ပယ်ချလာတဲ့ မန်စီးတီး
====================
မန်စီးတီးဟာ မေလ ၁၄ ရက်နေ့တွင် ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရမဲ့ အက်ဖ်အေလူငယ်ဖလားဗိုလ်လုပွဲအား အိုးထရက်ဖို့ဒ်တွင် ကစားရန် ကမ်းလှမ်းမှုအား ပယ်ချကာကာ ၎င်းတို့ရဲ့ သေးငယ်တဲ့ Joie Stadium ကွင်းတွင်ပင် လက်ခံကစားသွားပါမယ်။
မန်စီးတီးဟာ ယင်းပွဲအား အိမ်ကွင်းအဖြစ် လက်ခံကျင်းပခွင့်ရထားတာ ဖြစ်ပြီး ဂွါဒီယိုလာရဲ့ ပထမအသင်းက ပရီးမီးယားလိဂ်ပွဲ ၃ ပွဲကစားရန် ကျန်နေသေးမှုနှင့်အတူ အီတီဟတ်ကွင်းတွင် အသုံးပြုနိုင်ခြင်း မရှိပါဘူး။
မန်စီးတီးဟာ ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲစဉ်မှ စတင်ကာ နောက်ဆုံးပွဲ ဗီလာနှင့်ပွဲအထိ ၁၁ ရက်အတွင်း ကစားရပါမယ်။
တဖက်တွင် မန်စီးတီးဟာ မြောက်ပိုင်းပွဲကြည့်စင်ကို အဆင့်မြှင့်မှု ပြုလုပ်နေကာ ဗီလာနှင့်ပွဲအမီ အပြီးသတ်ရေး လုပ်ဆောင်နေပါတယ်။
မန်စီးတီးဟာ မေလ ၂၀ ရက်နေ့မှာ ပွဲကြည့်စင်စမ်းသပ်အသုံးပြုရန် စီစဉ်ထားပါတယ်။
ယင်းသို့ အခြေအနေတွင် ၂၀၂၂ ခုနှစ်တုန်းက အက်ဖ်အေလူငယ်ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက်က ပရိသတ် ၆၀၀၀၀ ကျော်ဝင်ဆန့်တဲ့ အိုးထရက်ဖို့ဒ်ကွင်းကို အသုံးပြုရေး အကြံပြုလာပါတယ်။
ဒါပေမဲ့ မန်စီးတီးကတော့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချကာ ကလပ်ရဲ့ ပရီးမီးယားလိဂ် ၂ နှင့် အမျိုးသမီးအသင်းပွဲစဉ်များကို အိမ်ကွင်းအဖြစ် ကစားတဲ့ ပရိသတ် ၇၀၀၀ ဆန့် Joie Stadium ကိုသာ အသုံးပြုရန် ဆုံးဖြတ်လာပါတယ်။
မန်စီးတီးဟာ ယခင်တုန်းက အက်ဖ်အေဖလူငယ်ဖလားဗိုလ်လုပွဲများကို Joie Stadium တွင် လက်ခံကစားဖူးပါတယ်။
အခြားအသင်းများကမူ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရလာပါက အဓိကပွဲကြည့်စင်အား အသုံးပြုလာကြပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မန်စီးတီးဟာ လိဒ်နှင့် အက်ဖ်အေလူငယ်ဖလားအား အီတီဟတ်တွင် ကစားခဲ့ဖူးကာ ပရိသတ် ၂၀၀၀၀ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
၁၉၈၆ ဗိုလ်လုပွဲတွင် နှစ်ကျော့ကစားခဲ့စဉ်တုန်းက အိုးထရက်ဖို့ဒ်နှင့် Maine Road တို့တွင် ကစားခဲ့ပြီး မန်စီးတီးက အနိုင်ရခဲ့ပါတယ်။
တဖက်တွင် ယူနိုက်တက်ကတော့ လူငယ်ကစားသမားများမှာ ၎င်းတို့ဘဝရဲ့ အကြီးမားဆုံးပွဲအား သေးငယ်တဲ့ ကွင်းတွင် ကစားလာရမှုက ကြီးမားတဲ့ အမှားတစ်ခု ဖြစ်နေတယ်လို့ အပြစ်တင်နေကြပါတယ်။