နည်းပြဘဝတစ်လျှောက် အခမ်းနားဆုံးညတွေထဲက တစ်ညဖြစ်ခဲ့တယ်လို့ အာတေတာ ပြောကြား

အာဆင်နယ်နည်းပြ အာတေတာက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ အက်သလက်တီကိုကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းက မိမိရဲ့နည်းပြဘဝတစ်လျှောက် အခမ်းနားဆုံးညတွေထဲက တစ်ည ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း (၂-၁)ဂိုးနဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၀၅-၀၆ ရာသီမှာ ဗိုလ်လုပွဲရောက်ခဲ့ပြီးနောက် နှစ်ပေါင်း(၂၀)ကြာမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
''ဒါက ကျွန်တော့်ရဲ့နည်းပြဘဝတစ်လျှောက် အကောင်းဆုံးညတွေထဲက တစ်ညပါ။ ဒီနေ့ ပရိသတ်တွေရဲ့ အဆင့်အတန်းက ပိုမြင့်တက်လာတယ်လို့ ထင်ပါတယ်။ သူတို့က ဒီပွဲမှာ ကျွန်တော်တို့ကစားရမယ့် လမ်းကြောင်းကို ပြောခဲ့ပါတယ်။ ကွင်းအပြင်မှာ အသင်းရောက်ရှိလာတာကို သူတို့ ကြိုဆိုခဲ့ပုံက အံ့မခန်းပါပဲ။ အရင်က ဒီလိုမျိုး ကျွန်တော် မမြင်တွေ့ခဲ့ဖူးပါဘူး။ ဒီစွမ်းအင်က ကွင်းထဲမှာ ကျွန်တော်တို့ကို ကွဲပြားခြားနားမှုတွေ ဖြစ်လာအောင် ဖန်တီးပေးခဲ့ပါတယ်။ မယုံနိုင်စရာကောင်းတဲ့ ညတစ်ညဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အတူတကွ သမိုင်းကို နောက်တစ်ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။ ပျော်ရွှင်နေတဲ့ မျက်နှာများစွာကို မြင်တွေ့ခဲ့ရတာကြောင့် ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့အရာအတွက် ဂုဏ်ယူမိပါတယ်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းကို ၂၀၁၉ ဒီဇင်ဘာမှာ စတင်ကိုင်တွယ်ခဲ့တဲ့ အာတေတာဟာ FA ဖလားတစ်လုံးသာ ရယူပေးနိုင်သေးပေမဲ့ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလား နှစ်မျိုးစလုံးကို မျှော်လင့်လို့ ရနေပါပြီ။
အာတေတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းကို ၂၀၂၃-၂၄ ရာသီမှာ ကွာတားဖိုင်နယ်၊ ၂၀၂၄-၂၅ ရာသီမှာ ဆီမီးဖိုင်နယ်၊ ဒီရာသီမှာ ဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်ပေးထားပြီး မေ(၃၀)မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ PSG - ဘိုင်ယန်မြူးနစ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

image