ဖိုဒန်ကို ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ မန်စီးတီးအသင်း သဘောတူညီမှုရရှိ
မန်စီးတီးအသင်းဟာ အင်္ဂလန်တိုက်စစ်ကစားသမား ဖိုဒန်ကို ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဖိုဒန်(၂၅ နှစ်)ဟာ မန်စီးတီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၁၇ မှာ မန်စီးတီးအသင်းအတွက် စတင်ကစားခွင့်ရခဲ့တာပါ။
မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၃၆၅)ပွဲကစားပြီး (၁၁၀)ဂိုး သွင်းယူထားတဲ့ ဖိုဒန်ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
ဖိုဒန်က မန်စီးတီးအသင်းနဲ့ သက်တမ်းတိုးဖို့ ဆွေးနွေးနေတာကြာပြီဖြစ်ပေမဲ့ ဟာလန်းရဲ့ အေးဂျင့်ဖြစ်တဲ့ ပီမန်တာ ဝင်ရောက်ကူညီပေးတော့မှ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အသေးစိတ်အချက်အလက်တွေ ညှိနှိုင်းဖို့ ကျန်နေသေးပေမဲ့ ဖိုဒန်က မန်စီးတီးအသင်းနဲ့ ၂၀၃၀ အထိ စာချုပ်သစ် ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ် ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။
ဖိုဒန်က မတ်လကစပြီး ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းအတွက် ပွဲထွက်ကစားခွင့်မရရှိတာကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နေရာပျောက်နိုင်တဲ့ အန္တရာယ်ရှိနေပေမဲ့ မန်စီးတီးအသင်းက ထွက်ခွာဖို့ ဘယ်တုန်းကမှ စဉ်းစားဖူးခြင်းမရှိကြောင်းလည်း နီးစပ်သူတွေက ပြောကြားခဲ့ပါတယ်။