ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲ ရလာမှုကြောင့် လာလီဂါဖလားဆွတ်ခူးရေး El Clasico ပွဲအထိ စောင့်ဆိုင်းရတော့မယ့် ဘာစီလိုနာ
====================

ရီးရဲလ်မက်ဒရစ်က အဝေးကွင်းတွင် အက်စ်ပန်ညိုအား အနိုင်ရရှိလာမှုနှင့်အတူ ဘာစီလိုနာဟာ လာလီဂါဖလားဆွတ်ခူးရေး လာမယ့် တနင်္ဂနွေနေ့ El Clasico ပွဲအထိ စောင့်ဆိုင်းလာရတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ လာမယ့် တနင်္ဂနွေနေ့တွင် နူးကမ့်ကွင်းတွင် ကစားမယ့် El Clasico ပွဲစဉ်တွင် သရေကျရုံဖြင့် လာလီဂါ ၂ ကြိမ်ဆက် ဆွတ်ခူးလာမှာလည်း ဖြစ်ပါတယ်။
RCDE Stadium တွင် ကစားတဲ့ ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်သာ အက်စ်ပန်ညိုအား အနိုင်မရလာပါက ဘာစီလိုနာတို့ စောစောစီးစီး ချန်ပီယံဖြစ်လာမှာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ဗီနီရှပ်စ်ဂျူနီယာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အက်စ်ပန်ညိုအား ၂-၀ ဖြင့် အနိုင်ရလာတာကြောင့် El Clasico ပွဲအထိ စောင့်ဆိုင်းရပါတော့မယ်။
ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးကို ဂွန်ကာလိုဂွန်ဇာလက်ဇ်နှင့် ဝမ်းတူးရိုက်ပြီး သွင်းယူခဲ့တာ ဖြစ်ပြီး ဒုတိယဂိုးကို ဘယ်လင်ဂမ်ရဲ့ ဖနောင့်ဖြင့် ပေါက်ချပေးတဲ့ ဖန်တီးမှုကနေ သွင်းယူခဲ့တာပါ။
ဒီပွဲမှာ အက်စ်ပန်ညိုရဲ့ အိုမာအယ်ဟီလာလီဟာ ဗီနီရှပ်စ်ကို ပြစ်ဒဏ်ကျူးလွန်လို့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပေမယ့် ကွင်းဘေး မော်နီတာတွင် စစ်ဆေးပြီးနောက် အဝါကတ်သို့ ပြောင်းလဲ ပြသခြင်းခံခဲ့ရပါတယ်။
တဖက်တွင် ဘာစီလိုနာဟာ လာမယ့် တနင်္ဂနွေနေ့ El Clasico ပွဲတွင် ၉၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လာလီဂါချန်ပီယံဖြစ်နိုင်တဲ့ အခွင့်အရေး ရရှိလာပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ အက်စ်ပန်ညိုအား အနိုင်ရလာမှုနှင့်အတူ El Clasico ပွဲတွင် ဘာစီလိုနာကို Guard of Honour ပြုလုပ်ရမယ့်အရေးမှ လွတ်မြောက်သွားခဲ့ပါတယ်။
ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၁၁ မှတ်ဖြတ်ထားနိုင်တာ ဖြစ်ပြီး သမိုင်းတွင် အကြီးမားဆုံးအမှတ်ကွာဟမှုဖြင့် ချန်ပီယံဖြစ်နိုင်တဲ့ အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။
ဘာစီလိုနာဟာ သမိုင်းတွင် အကြီးမားဆုံးအမှတ်ကွာဟမှုအဖြစ် ၂၀၁၂-၁၃ ရာသီတုန်းက ၁၅ မှတ်ဖြင့် သမိုင်းမှတ်တမ်းရေးထိုးထားတာပါ။
တကယ်လို့များ ဘာစီလိုနာသာ လက်ကျန် ၄ ပွဲလုံး အနိုင်ရရှိလာပါက ၂၀၁၁-၁၂။ ၂၀၁၂-၁၃ ရာသီတုန်းက ရီးရဲလ်မက်ဒရစ်ရယူခဲ့တဲ့ ရမှတ် ၁၀၀ စံချိန်ကိုလည်း လိုက်မီလာပါမယ်။
ဒါ့အပြင် ဘာစီလိုနာဟာ လာလီဂါ ၃၃ ပွဲအနိုင်ရရှိတဲ့ မှတ်တမ်းလည်း ရယူနိုင်ပါမယ်။
ရီးရဲလ်မက်ဒရစ်ကတော့ ၂၀၀၉-၁၀ နှင့် ၂၀၂၀-၂၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆုဖလားလက်မဲ့ရာသီ ပိုင်ဆိုင်လာပြီ ဖြစ်ပါတယ်။

image