အင်တာမိုင်ယာမီနှင့် ဆွေးနွေးမှု ပြုလုပ်လာတဲ့ ကက်စ်မီရို
=====================
ကက်စ်မီရိုဟာ နွေရာသီတွင် ယူနိုက်တက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက မေဂျာလိဂ်ချန်ပီယံ အင်တာမိုင်ယာမီသို့ ပြောင်းရွှေ့ရေး ဆွေးနွေးမှုများ ပြုလုပ်လာကြောင်း သတင်းထွက်ပေါ်လာပါတယ်။
ဘရာဇီးကွင်းလယ်ကစားသမားဟာ ဇွန်လတွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာလာမယ့်သူ ဖြစ်ပြီး အင်တာမိုင်ယာမီအပါအဝင် ကလပ်အမြောက်အမြားရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။
ကက်စ်မီရိုဟာ အင်တာမိုင်ယာမီသို့ ပြောင်းရွှေ့ကစားလာပါက ပြိုင်ဘက်ဟောင်းလီယွန်နယ်မက်ဆီနှင့် တွဲကစားလာရပါမယ်။
ကက်စ်မီရိုဟာ အင်တာမိုင်ယာမီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပေမယ့်လည်း သဘောတူညီမှုတော့ မရသေးပါဘူး။
ကက်စ်မီရိုဟာ ဆော်ဒီပရိုလိဂ်ရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရပေမယ့် လတ်တလော အခြေအနေအရ အင်တာမိုင်ယာမီသို့ ပြောင်းရေး အခြေအနေကောင်းနေပါတယ်။
တဖက်တွင် အင်တာမိုင်ယာမီဟာ မေဂျာလိဂ်ရဲ့ လုပ်ခကန့်သတ်မှုအပြင်ဘက် ကစားသမားများအဖြစ် ကစားသမား ၃ ဦးအား ခေါ်ယူထားပြီးဖြစ်ရာ ကက်စ်မီရိုအနေဖြင့် လုပ်ခများစွာလျှော့ယူပြီး ပြောင်းရမယ်ကိန်းလည်း ဆိုက်နေပါတယ်။
ကက်စ်မီရိုဟာ ယူနိုက်တက်တွင် တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ရရှိနေသူ ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင် ခြေစွမ်းပြကစားနေမှုနှင့်အတူ ပရိသတ်များက အနည်းဆုံး တစ်နှစ်ဆက်ထိန်းထားရေး တောင်းဆိုနေကြပါတယ်။