1 ပတ် - ဘာသာပြန်ပါ။

ပျောက်ဆုံးသွားသော လက်ဖက်ရည်ဆိုင်ယဥ်ကျေးမှု

၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ လက်ဖက်ရည်ဆိုင်
ယဥ်ကျေးမှုက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ
တော်တော်လေးထွန်းကားခဲ့တာပါ။

ပြောရရင် အဲ့ခေတ်တုန်းက လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ Feeling က အခုခေတ်လိုမျိုး Style ကျကျတော့မဟုတ်သေးဘူးပေါ့။ ဒါပေမယ့် အဲ့ခေတ်တုန်းက တစ်ခုကောင်းတာက လက်ဖက်ရည်ဆိုင်တွေမှာ TV ပြတာပါပဲ။

ကျွန်တော်ဆိုရင် အဖေလက်ဖက်ရည်ဝယ်ခိုင်းတိုင်း
ဆိုင်ကပြတဲ့ ရုပ်ရှင်တွေကို တစ်မေ့ကြီး
ငေးပြီးကြည့်ရင်းကနေ နောက်ပိုင်း
လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်သွားခဲ့တာပါ။
အဲ့ခေတ်တုန်းက လူလတ်တန်းစား တော်တော်များရဲ့ အပန်းဖြေစရာတွေက လက်ဖက်ရည်ဆိုင်တွေပေါ့။

အခုကတော့ လက်ဖက်ရည်ဆိုင်တွေမှာ TV မပြောနဲ့ သတင်းစာတွေတောင် မရှိသလောက်ဖြစ်လာသလို လက်ဖက်ရည်ဆိုင်ထိုင်ရတာလည်း
အသက်မပါဘူးလို့ခံစားရလာတာပါပဲ။

ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်ထိုင်ရင် တစ်ယောက်ထဲထိုင်တယ်။ ပြီးရင် လက်ဖက်ရည်ဆိုင်က ပြတဲ့ ဇာတ်ကားတွေကို အနည်းဆုံးတစ်ကားလောက်တော့ပြီးအောင်ကြည့်ပြီးမှ ပြန်တာများပါတယ်။ ပြီးတော့ ကုန်စိမ်းတန်းက လူတွေရယ်၊ စျေးထဲက လူတွေရယ်နဲ့ ကျိတ်ကျိတ်တိုးပြီး ကြည့်ရတဲ့ လက်ဖက်ရည်ဆိုင်က ရုပ်ရှင်တွေက ဘာနဲ့မှ လဲလို့မရအောင်ကောင်းတာပါ။

ဒီလက်ဖက်ရည်ဆိုင် ယဥ်ကျေးမှုကြောင့်ပဲ ကျွန်တော် Action ကားတွေ အကြည့်များခဲ့သလို လူမှုဆက်ဆံရေးကို လက််ဖက်ရည်ဆိုင်မှာ တည်ဆောင်ခွင့်ရတဲ့အတွက် လူတွေနဲ့ ဘယ်လိုပေါင်းသင်းရမလဲဆိုတာပါ သင်ယူခွင့်ရခဲ့ပါတယ်။

ပြောရရင်တော့ ဒီဘက်ခေတ်မှာ တစ်ချို့နေရာလေးတွေလောက်ပဲ လက်ဖက်ရည်ဆိုင်တွေမှာ TV ပြတော့တာဖြစ်ပြီး ဆိုင်ကြီးတွေမှာတော့ ဆိုင်ရဲ့ ခမ်းနားမှုနဲ့ သန့်ရှင်းမှုတွေကိုသာ ဦးစားပေးပြီး လူတန်းစားကန့်သတ်လိုက်တာမျိုးတွေ တော်တော်လေးဆိုးဝါးတယ်လို့ မြင်မိပါတယ်။

ဒါ့ကြောင့် လက်ဖက်ရည်ဆိုင်ထိုင်ရင် တနိုင်တပိုင်ဆိုင်လေးတွေသာရွေးပြီးထိုင်ဖြစ်သလို လူလတ်တန်းစား အစုံရှိတဲ့ စျေးထဲကလို လက်ဖက်ရည်ဆိုင်တွေမှာသာ ထိုင်ဖြစ်တာများပါတယ်။

ဒီလိုမျိုး လက်ဖက်ရည်ဆိုင်ယဥ်ကျေးမှုတွေကို မီခဲ့ရဲ့လား ကျွန်တော့်အတွက်ကတော့ လက်ဖက်ရည်ဆိုင်ယဥ်ကျေးမှုက အမှတ်တရပေါင်းများစွာနဲ့ အခုထိ ခေါင်းထဲမှာ စွဲနေတုန်းပါပဲ။