မန္တလေးတိုင်းအတွင်း စစ်အုပ်ချုပ်ရေး တမြို့တည်းသာကျန်တဲ့ ငါန်းဇွန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ တွေ့ဆုံပွဲပြုလုပ်
စစ်အုပ်ချုပ်ရေး တမြို့တည်းကျန်ခဲ့တဲ့ မန္တလေးတိုင်းအတွင်းက ငါန်းဇွန်မြို့မှာ လွှတ်တော်ကိုယ်စာလှယ်တွေအပြင် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ ပြည်သူလူထု တွေ့ဆုံပွဲအခမ်းအနားကို မေလ ၁ ရက်နေ့ မနက် ၉ နာရီခွဲအချိန်က ငါန်းဇွန်မြို့ လောကနတ်ခန်းမမှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီအခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ လူထုနဲ့ တဦးချင်း မိတ်ဆက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းက မြို့နယ်ရဲ့ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အချက်အလက်တွေနဲ့ အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလအတွင်း မြို့နယ်အတွင်းမှာအကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူနှင့် ဦးစိုးမြတ်အောင်တို့က လွှတ်တော်မှာ တက်ရောက်ခဲ့တဲ့ အတွေ့အကြုံ၊ လွှတ်တော်တက်စဉ် ငါန်းဇွန်မြို့နယ်အတွက် တင်ပြခဲ့တဲ့ မေးခွန်းများ၊ လွှတ် တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားရှိမှု၊ လွှတ်တော်ကိုယ်စား လှယ်ဆီကို တိုက်ရိုက်တင်ပြနိုင်မယ့် Facebook Page ဖွင့်လှစ်ထားမယ့် အခြေအနေ၊ ပြည်သူ့အကျိုးစီးပွားအတွက် ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ပြည်သူတွေရဲ့ အခက်အခဲနဲ့ တင်ပြချက်တွေအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖြေရှင်းပေးနိုင်ဖို့ မြို့နယ်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး ထိရောက်စွာဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးပြောကြားပြီး ဧည့်ပရိတ်သတ်တွေကမေးမြန်းတဲ့ မေးခွန်းတွေကို ဦးမြတ်သူနဲ့ ဦးလှမင်းတို့က အသီးသီးပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်က ထောက်ပံ့ပေးအပ်တဲ့ ပြည်သူ့စစ်နဲ့ မိသားစုဝင်တွေအတွက် ဆန်အိတ်(၆၀)အိတ်ကိုဗိုလ်မှူး မိုးမင်းဦးကို ပေးအပ်ခဲ့တယ်လို့သိရပါတယ်။