ကသာတိုက်ပွဲအကြား ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုခွင့်မရခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ပြန်ဖြေဆိုခွင့်ပြုပေးနေ
စစ်ကိုင်းတိုင်း ၊ ကသာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နောက်ဆုံး အတန်းတင် ကျောင်းတွင်းစစ်စာမေးပွဲ မဖြေလိုက်ရတဲ့ ကျောင်းသား ကျောင်းသူတွေကို ဒီနေ့ မေ ၂ ရက်ကစပြီး စာမေးပွဲ ပြန်လည်ဖြေဆိုခွင့် ပြုနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စာမေးပွဲ ဖြေဆိုလိုတဲ့ ကျောင်းသူကျောင်းသားတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျောင်းအပ်လက်ခံခဲ့ပြီးနောက် ဒီကနေ့မှာ အ.ထ.က ၁ ကျောင်းမှာ စာမေးပွဲ စတင်ဖြေဆိုနေကြတာ ဖြစ်ကြောင်း ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ သိရပါတယ် ။
" ကျောင်းတွင်းစစ် ဖြေရမယ့် ကျောင်းသားအကုန်လုံးကို စာမေးပွဲ ပြန်ကျင်းပပေးတာပါ။ ပြီးခဲ့တဲ့ စာမေးပွဲမှာ မဖြေလိုက်ရသူတွေ အကုန်ဖြေလို့ရတာမျိုးပါ။ တချို့ကျလည်း မလာနိုင်ဘူး ။ အဓိက ကလေးတွေ ပညာရေးတနှစ်နောက်မကျအောင် ပညာရေးမှူးနဲ့ ဆရာဆရာမတွေက ခုလိုစီစဥ်ပေးတာပါ။ " လို့ မြို့ခံ တယောက်က ပြောပါတယ်။
လက်ရှိ ကသာမြို့မှာ အခြေအနေတည်ငြိမ်သွားပြီး ပစ်ခတ်မှုမရှိတော့ဘဲ စစ်ရှောင်ပြည်သူတွေလည်း နေရပ်ပြန်လည် ဝင်ရောက်မှုများလာတာကြောင့် ကျောင်းတွင်းစစ် စာမေးပွဲ မဖြေလိုက်ရတဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ဖြေဆိုခွင့် ပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးစစ် စာမေးပွဲတွေဖြစ်တဲ့ ပဥ္စမတန်း၊ နဝမတန်းတဲ့ တက္ကသိုလ်ဝင်တန်းတွေ အတွက် စီစဥ်ပေးတာ တစုံတရာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
ကသာမြို့ကို.စစ်ရှောင်တွေပြန်ဝင်ရောက်မှုအနေနဲ့ ကတော့ ရပ်ကွက် ၈၊ ရပ်ကွက် ၁ ၊ ရပ်ကွက် ၂ တို့သာ အများစုကျန်တော့ကြောင့် ကျန်တဲ့ရပ်ကွက်တွေမှာတော့ နေရပ်စွန့်ခွာ စစ်ရှောင်တွေ ပြန်လည် ဝင်ရောက်နေထိုင်မှုများလာတယ်လို့ သိရပါတယ်။
" ရပ်ကွက် ၁ နဲ့ ၂ က ပြန်မဝင်သေးဘူးဆိုတာ အဲဒီရပ်ကွက်က ပိုက်ဆံရှိသူများတယ်။သူဌေးများတယ်ပေါ့။ တခြားနေရာတွေမှာ အိမ်တွေ ဆိုင်တွေရှိကြတယ်။ အဲဒီတော့ ပြန်မဝင်ကြသေးဘဲ အခြေအနေ စောင့်ကြည့်နေတာ ဖြစ်နိုင်တယ်။.ကျန်တဲ့နေရာတွေကတော့ ပြန်ဝင်နေကြပြီ။ မြို့ထဲလည်း စည်ကားနေပြီ ။ "လို့ ကသာဒေသခံက ပြောပါတယ်။
လက်ရှိမှာ ကသာမြို့ကို စစ်ရှောင်တွေ ပြန်လည်ဝင်ရောက်လာသလို ကသာ -ထီးချိုင့်ကားလမ်းကနေလည်း ခရီးသည်တင်လိုင်းကားတွေ ပြေးဆွဲမှုရှိနေကြောင်း ၊ မကြာခင်မှာ ကသာ - အင်းတော်လမ်းပိုင်းလည်း.ပြန်လည်ဖွင့်လှစ် လာမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။
ဧပြီ ၃၀ ရက်မှာ နဘားလမ်းဆုံးနဲ့ အင်းတော်မြို့ကို အစိုးရတပ်တွေက ပြန်လည်ရရှိသွားပြီဖြစ်တာကြောင့် ကသာ - အင်းတော်လမ်းပိုင်းကိုလည်း နယ်မြေစိုးမိုးနိုင်သွားပြီဖြစ်တဲ့အတွက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးပါက လမ်းပိုင်းပြန်ပွင့်လာနိုင်တယ်လို့ သိရပါတယ်။
ကသာမြို့မှာ မတ်လကုန်လောက်ကတည်းက အပစ်ခတ်တွေ ရပ်စဲသွားပြီး မြို့ထဲကနေ PDF တွေ ဆုတ်ခွာသွားကြောင်း ၊ အဲဒီနောက်ပိုင်းမှာလည်း.တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်ဖြစ်သွား တာကြောင့် ကသာမြို့ကို စစ်ရှောင်တွေ အများအပြား ပြန်လည်ဝင်ရောက်မှု ရှိလာကြတာဖြစ်တယ်လို့ သိရပါတယ်။
ကသာစစ်ရှောင်တွေထဲကမှ မိုးညှင်း ၊ မြစ်ကြီးနား ၊ မန္တလေး ၊ ရန်ကုန် အပါအဝင် မြို့နယ်တချို့ကို ပြောင်းရွှေ့နေထိုင်ပြီး စျေးဆိုင်ခန်းဖွင့်ခြင်း ၊ စီးပွားရေးလုပ်ကိုင်မှု ရှိသူတွေကတော့ နေရပ်ပြန်တာမျိုးမရှိသေးပါဘူး ။