နေပြည်တော်မှာ ဝါးကားမှောက်လို့ ၁၆ ယောက်သေဆုံးပြီး ၂၀ လောက်ထိခိုက်ဒဏ်ရာရ

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးစွေအုပ်စု၊ မိုးစွေ-လွင်သာယာလမ်းမှာ ဝါးတင်တဲ့ကားတစီးတိမ်းမှောက်လို့ နေရာမှာပဲ ၁၆ ယောက်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာ ဝါးခုတ်ပြီးတင်ဆောင်လာတဲ့ ခြောက်ဘီး ကားဟာ မြေသားကျွံကျပြီး ချောက်ထဲတိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း ၊တိမ်းမှောက်မှုကြောင့် သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၂၀ လောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
" တောထဲကနေ ဝါးခုတ်ပြီး ကားတက်လာတာ။ကားကတက်လာတော့ လမ်းကွေ့ဖြစ်တဲ့အချိန်မှာ မြေကျွံပြီးတော့ ကားကချောက်ထဲတိမ်းမှောက်သွားတာ။ လမ်းဘေးမြေသားက ကျွံပြီးနိမ့်ကျသွားတာ။ အခင်းဖြစ်တဲ့နေရာမှာ ကျား ၉ ၊ မ ၇ သေဆုံးရှိတယ်။ ကျန်တာက တော့ဆေးရုံကထွက်လာမှသိရတယ်။ ဒဏ်ရာရက ၁၅ ကနေ ၂၀ လောက်ရှိမယ်။ကားက ဝိတ်လည်းများတယ်။ ဝါးကလည်းပါတယ်။ မတော်တဆ မြေကျွံတာကြောင့်ပေါ့ ။" လို့ မြေပြင်ကူညီ ကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ အမြန်လမ်း မီးသတ်စခန်းတာဝန်ရှိသူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေပါကြောင်း ၊ ထိခိုက်ဒဏ်ရာ ရသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံနဲ့ တောင်ညိုတိုက်နယ်ရှိ ဆေးရုံတို့ကို ပို့ဆောင်ထားတယ် လို့ သိရပါတယ်။
" ကုတင် ၁၀၀၀ ဆေးရုံကို ကိုးယောက် ရောက်လာတယ်သိရတယ်။ သေဆုံးကများတယ် သိရတယ်။ " လို့ နေပြည်တော် အခြေစိုက် လူမှုကူညီရေး အသင်းတခုရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ယာဥ်တိမ်းမှောက်မှုအတွင်း သေဆုံးနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေဟာ မိုးစွေကျေးရွာအုပ်စုနဲ့ တောင်ညိုကျေးရွာအုပ်စုက ဖြစ်ကြောင်းသိရပါတယ်။
ဧပြီ ၃၀ ​နေ့ကလည်း ​နေပြည်​တော် ဗုဒ္ဓဂယာက ဘုရားဖူးပြန်လာတဲ့ သုံးဘီးဆိုင်ကယ်​မှောက်လို့ ၁၂​ယောက် ဒဏ်ရာရပြီး တ​ယောက်​သေဆုံးခဲ့ပါ​သေးတယ်။

image