နူးညံ့လွန်းတဲ့ အသင်းကို မာကျောခက်ထန်လာစေရန် MMA ဖိုက်တာရဲ့ အကူအညီရယူလာတဲ့ ပရီးမီးယားလိဂ်ကလပ်
===================
ဘရိုက်တန်ဟာ အလွတ်တည်ကန်ဘောအား ကာကွယ်ရာတွင် နူးညံ့လွန်းတဲ့ အသင်းအား မာကျောခက်ထန်လာစေရန်အတွက် MMA ဖိုက်တာတစ်ဦးကို ငှားရမ်းပြီး အသင်းသားများကို အကူအညီပေးလာပါတယ်။
ဘရိုက်တန်နည်းပြဖေဘီယန်ဟူဇီလာဟာ ယခုအပတ် နယူးကာဆယ်နှင့်ပွဲစဉ်မတိုင်မီ ပြိုင်ဘက်အသင်းများရဲ့ အနိုင်ကျင့်မှုနှင့် အလွတ်တည်ကန်ဘောများကို ကာကွယ်ရာ ပြိုင်ဘက်ကို လွှမ်းမိုးနိုင်ရေးအတွက် အကူအညီရယူလာတာပါ။
ဘရိုက်တန်ဟာ ဂျာမန်ဖိုက်တာခရစ်အက်ခါလင်းအား ငှားရမ်းကာ အကူအညီ ရယူလာတာပါ။
MMA ဖိုက်တာဟာ ဘောလုံးသမားဟောင်းတစ်ဦး ဖြစ်ပြီး ဂျာမန်မှ ကလပ်အများအပြားတို့တွင် ကစားဖူးကာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ မတ်ဟမ်မဲလ်၊ ဘာစတီယန်ရှဝိန်းစတိုင်ဂါတို့နှင့်လည်း ကစားဖူးပါတယ်။
ဒါပေမယ့် သူဟာ ကစားသမားဘဝမှ အနားယူပြီးနောက် MMA လောကသို့ ဝင်ရောက်ခဲ့ကာ ၂၀၀၉ ခုနှစ်တွင် ပထမဆုံးနိုင်ပွဲ ရရှိခဲ့ပြီး နိုင်ပွဲ ၁၉ ပွဲအထိ ရထားကာ ဂျာမန်ဝယ်တာဝိတ်တန်းတွင် အကျော်အမော်တစ်ဦးဖြစ်လာပါတယ်။
သူဟာ ယခုအပတ်မှာတော့ ဘောလုံးလောကသို့ ပြန်ဝင်လာပြီး ဘရိုက်တန်ကစားသမားများအား MMA တိုက်ခိုက်ရေးပညာမျှဝေလာပါတယ်။
ဘရိုက်တန်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်ဝင်ခွင့်တို့အတွက် တိုက်ပွဲဝင်နေတဲ့အသင်း ဖြစ်ပါတယ်။
ယနေ့ စနေနေ့တွင် ဘရိုက်တန်တို့ ရင်ဆိုင်ရမယ့် နယူးကာဆယ်အသင်းတွင် အရပ် ၆ ပေ၊ ၆ လက်မရှိ ဒန်ဘန်း၊ နစ်ဝယ်တီမိတ်နဲ့ အရပ် ၆ ပေ၊ ၄ လက်မရှိ ဆဗင်ဘော့မန်း၊ မာလစ်သီယော်တို့လို ကစားသမားမျိုး ပါဝင်ကာ အလွတ်တည်ကန်ဘော ကောင်းတဲ့အသင်း ဖြစ်ပါတယ်။
ဟူဇီလာက "အလွတ်တည်ကန်ဘော၊ ပိတ်ဆို့မှုစတဲ့ ပရီးမီးယားလိဂ်မှာ ရေပန်းစားနေတဲ့အရာတွေနဲ့ ပတ်သက်ပြီး အများကြီး ပြောလာကြတော့ သူ့ကို ယူဆောင်လာတာပါ။ စနစ်သစ်မှာ အံဝင်အောင် လုပ်လာတာပါ။ ကျွန်တော်က ကလပ်တစ်ခုကို အရမ်း မနူးညံ့စေချင်ပါဘူး။ တချို့ အခြေအနေတွေမှာ ကိုယ်ရေးကိုယ်တာ တိုက်ပွဲတွေ ရှိတာကြောင့် ခံနိုင်ရည်ရှိဖို့ လိုတယ်။ ပုံစံအမျိုးမျိုးနဲ့ ခံနိုင်ရည် ရှိဖို့ လိုတယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဂျာမန်လူမျိုးနည်းပြက "MMA ဖိုက်တာတွေက တစ်ယောက်ချင်း ရင်ဆိုင်တာပါ။ သူ့မှာ ပြိုင်ဘက်ကို အနိုင်ယူဖို့ နည်းလမ်းတစ်ခု အမြဲရှာရတယ်။ အခြားအားကစားနည်းတွေကလည်း စိတ်ကူးစိတ်သန်းတွေ ရယူလာတာပါ။ အခြားအားကစားနည်းက စိတ်ကူးစိတ်သန်းတွေကို အကျိုးရှိရှိ အသုံးချလာတာပါ"လို့ ပြောကြားသွားပါတယ်။
ဘရိုက်တန်ဟာ နယူးကာဆယ်နှင့် နောက်ဆုံးအကြိမ် ရင်ဆိုင်တုန်းက ၂-၁ ဖြင့် အနိုင်ရထားသလို နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိပါဘူး။
နယူးကာဆယ်ကတော့ နောက်ဆုံး ၁၂ ပွဲတွင် ၉ ပွဲ နိုင်ပွဲပျောက်ထားပါတယ်။