ဖီဖာကွန်ဂရက်သို့ အီရန် မတက်ရောက်ပေမယ့် ကမ္ဘာ့ဖလားတွင် ပါဝင်ကစားလာမည်
====================
အီရန်ဟာ ကြာသပတေးနေ့တုန်းက ကနေဒါမှာ ကျင်းပတဲ့ ဖီဖာကွန်ဂရက်သို့ မတက်ရောက်တဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါတယ်။
ဒါပေမယ့် ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုက အီရန်မှာ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်လာမည်ဖြစ်ကြောင်း အတည်ပြုသွားပါတယ်။
အီရန်ဟာ အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ဖြစ်ပွားနေမှုနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ရေး မရေမရာ ဖြစ်နေပါတယ်။
ဒါပေမယ့် အင်ဖန်တီနိုက "အီရန်ဟာ အမေရိကန်ပြည်ထောင်စုမှာ ကစားလာပါမယ်။ အကြောင်းပြချက်က ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ စည်းလုံးဖို့ လိုအပ်လိုပါ။ ကျွန်တော်တို့ လူတွေကို စည်းလုံးအောင် လုပ်ရမယ်"လို့ ပြောကြားသွားပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမီဒီတာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗန်ကူးဗားတွင် ကျင်းပတဲ့ ဖီဖာကွန်ဂရက်သို့ တက်ရောက်ရန် ရောက်လာကြပေမယ့်လည်း ကနေဒါလူဝင်မှုကြီးကြပ်ရေးရဲ့ ဆက်ဆံမှုအပေါ် ဒေါသထွက်ကာ အိမ်လှည့်ပြန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
တာဟာ ကနေဒါက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်နှင့် ဆက်နွယ်နေတဲ့သူလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမှာ ဖြစ်ပြီး အီရန်က နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ အီဂျစ်တို့နှင့်ရင်ဆိုင်ကစားရပါမယ်။
ဒါ့အပြင် ဖီဖာဥက္ကဌအင်ဖန်တီနိုက လာမယ့်နှစ်တွင် ဥက္ကဌသက်တမ်း ကုန်ဆုံးလာချိန်တွင်လည်း နောက်ထပ် ဥက္ကဌသက်တမ်းအတွက် ဆက်လက် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်လာဦးမည်ဖြစ်ကြောင်းလည်း အတည်ပြုသွားပါတယ်။
အင်ဖန်တီနိုဟာ တောင်အမေရိက၊ အာရှ၊ အာဖရိကဘောလုံးအဖွဲ့ချုပ်များရဲ့ ထောက်ခံမှုများ ရရှိထားပြီးသူလည်း ဖြစ်ပါတယ်။