ဒဏ္ဍာရီဘောလုံးသမားဘဝ အဆုံးသတ်ရန် နီးစပ်လာပြီလို့ ခရစ္စတီယာနိုရော်နယ်ဒိုဖွင့်ဟလာ
===================

ခရစ္စတီယာနိုရော်နယ်ဒိုက သူ့ရဲ့ ဒဏ္ဍာရီဘောလုံးသမားဘဝ အဆုံးသတ်ရန် နီးကပ်လာပြီ ဖြစ်ကြောင်း ဝန်ခံပြောကြားလာပါတယ်။
ဒါပေမယ့် ပေါ်တူဂီစူပါစတားက ကွင်းအတွင်း အခိုက်အတန့်တိုင်းကို ပျော်ရွှင်နေဆဲ ဖြစ်ကြောင်း ဆိုသွားပါတယ်။
အသက် ၄၁ နှစ်ရှိ ရီးရဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စူပါစတားဟောင်းဟာ ထိပ်တန်းဘောလုံးအဆင့်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ကစားပြီးနောက် ကစားသမားဘဝမှ အနားယူရန် တဖြည်းဖြည်းနီးကပ်လာပြီ ဖြစ်ပေမယ့်လည်း ဘောလုံးအပေါ် ချစ်မြတ်နိုးမှုက မြင့်မားနေတုန်းပါ။
Al-Ahli ကို အနိုင်ရရှိကာ ဆော်ဒီပရိုလိဂ်ဆွတ်ခူးရန် လက်တစ်ကမ်းအလိုသို့ ရောက်လာပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုက "ဒီမျိုးဆက်အတွက်ပဲ ဆက်ကစားနေတာ မဟုတ်ပါဘူး။ ယခင်မျိုးဆက်နဲ့ နောက်လာမယ့်မျိုးဆက်အတွက်လည်း ကစားနေတာပါ။ တစ်နေ့ပြီး တစ်နေ့၊ တစ်ပွဲပြီး တစ်ပွဲ၊ တစ်နှစ်ပြီး တစ်နှစ် ပျော်နေသေးလို ကစားသမားဘဝ အဆုံးသတ်ဖို့လည်း နီးလာပါပြီ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့တွင် ကြီးမားတဲ့ အောင်မြင်မှုများ ရယူနိုင်ခဲ့တဲ့ ပေါ်တူဂီအသင်းခေါင်းဆောင်က "ကျွန်တော့်ကစားသမားဘဝက အရမ်းကောင်းတယ်။ ပြီးတော့ ဒါကို ဆက်ထိန်းထားချင်တယ်။ အခုထိ ပျော်နေတုန်းပါ။ ဂိုးတွေ သွင်းနေတုန်း။ ဒါပေမယ့် အရေးအကြီးဆုံက အောင်နိုင်ရေးပါ။ ပြီးတော့ ကျွန်တော်တို့ ဒီလိဂ်ဖလားကို အရမ်းလိုချင်တယ်"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-Ahli အား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဂိုးသွင်းပြီး Al-Nassr ကို အမှတ်ပေးဇယားထိပ်ဆုံးတွင် ၈ မှတ်ဖြတ်ကာ ဦးဆောင်နိုင်အောင် ကူညီထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုအခါ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး ၉၇၀ အထိ ရှိလာပြီ ဖြစ်ပြီး ကစားသမားဘဝ ရည်မှန်းချက်ကြီးဖြစ်တဲ့ ဂိုးတစ်ထောင်ပြည့်ရေး ဂိုး ၃၀ သာလိုပါတော့တယ်။

image