ပတ်စ်ပို့ပြဿနာကြောင့် အနည်းဆုံး ၁၃၃ ပွဲကို ပြန်ကစားရကိန်းဆိုက်နေတဲ့ ဥရောပထိပ်တန်းလိဂ်
====================
ဒတ်ချ်အဆင့်မြင့်တန်းလိဂ်ဟာ ပွဲ ၁၃၃ ပွဲကို ပြန်ကစားရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
ဒတ်ချ်ဘောလုံးလိဂ်ဟာ ပတ်စ်ပို့ပြဿနာနှင့် ကြုံနေရကာ ကြီးမားတဲ့ ပြဿနာကြုံလာတာလည်း ဖြစ်ပါတယ်။
ဟော်လန်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ စည်းမျဉ်းများနှင့် ပတ်သက်ပြီး ရှုပ်ထွေးမှုများ ဖြစ်ပြီးနောက် တုန်လှုပ်စရာအခြေအနေ ကြုံလာရတာပါ။
ဒတ်ချ်ဥပဒေအရ လူတစ်ဦးဟာ အခြားနိုင်ငံသားအဖြစ်ကို မိမိဆန္ဒအလျှောက် ခံယူလာပါက ၎င်းရဲ့ နိုင်ငံသားဖြစ်ခွင့် အလိုအလျောက် ပယ်ဖျက်ပါတယ်။
ဟော်လန်မှ ကစားသမားအမြောက်အမြားတို့ဟာ ဘိုးဘွားနှင့် နိုင်ငံအတွက် ကိုယ်စားပြု ကစားမှုနှင့်အတူ အီးယူနိုင်ငံသားအဖြစ် ဆက်လက် အသိအမှတ်ပြု ခံလာရခြင်း မရှိပါဘူး။
အထက်ပါ ပြဿနာမှာ မတ်လ ၁၅ ရက်နေ့တုန်းက အန်အေစီဘရီဒါက Go Ahead Eagles ကို ၆-၀ ဂိုးဖြင့် အရေးနိမ့်ချိန်မှာတော့ ပိုမို ကြီးကျယ်လာပါတယ်။
ဟော်လန်တွင် ပရိသတ်များသာမက ကစားသမားများ၊ အသင်းတာဝန်ရှိသူများပါ တလေးတစား နားထောင်လေ့ရှိတဲ့ “De Derde Helft” အမည်ရှိ Podcast အစီအစဉ်ကြောင့်ပါ။
ယင်းအစီအစဉ်တွင် ပွဲကို ဆန်းစစ်လေ့လာသူ ရိုဂီယာဂျာကော့ဘ်က ဘရီဒါမှာ ၆-၀ ဖြင့် အရေးနိမ့်ခဲ့ပေမယ့် ပွဲကို အနိုင်ရနိုင်ဆဲဖြစ်ကြောင်း ဆိုသွားပါတယ်။
၎င်းက Go Ahead Eagles နောက်တန်းအစွန်လူဒိန်းဂျိမ်းစ်မှာ အရည်အချင်းမပြည့်မီတဲ့ ကစားသမားလို့ ဆိုသွားပါတဘ်။
ဂျိမ်းစ်ဟာ ၂၀၂၅ ခုနှစ်မတ်လတုန်းက လက်ရွေးစင်အသင်းအဆင့်တွင် အင်ဒိုနီးရှားအတွက် ကစားရန် ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။
ဂျာကော့က "ကောင်းပါပြီ။ အန်အေစီဘရီဒါက ဒီပွဲကို အနိုင်ရနိုင်တုန်းပါ။ ခင်ဗျားက အင်ဒိုနီးရှားမျိုးနွယ် ဒတ်ချ်ကစားသမားတစ်ဦး ဆိုပါစို့။ အင်ဒိုနီးရှားအတွက် ကစားဖို့ ရွေးချယ်နိုင်တယ်။ ကစားဖို့ ပတ်စ်ပို့လည်း ရမယ်။ ဒါပေမယ့် ကစားသမားတွေနဲ့ ကလပ်တွေ မသိသေးတဲ့ ပြဿနာ ရှိနေတယ်။ အဲဒီလို ဆိုရင် ဒတ်ချ်နိုင်ငံသားဖြစ်ခွင့်ကို လက်လွှတ် ဆုံးရှုံးရတယ်။ ဒါကို အန်အေစီက တွေ့ရှိပြီး တရားစွဲလာမယ်ဆိုရင် သူတို့နဲ့ အနိုင်နဲ့ အဆုံးသတ်လာနိုင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အထူးကျွမ်းကျင်တဲ့ ဥပဒေကုမ္ပဏီတစ်ခုက တစ်ယောက်နဲ့ စားသောက်ခဲ့တယ်။ သူက ဒါက တကယ့် ပြဿနာကြီး ဖြစ်လာမယ်လို့ ဆိုထားတယ်"လို့ ပြောကြားသွားပါတယ်။
ဂျိမ်းစ်အပါအဝင် အနည်းဆုံးကစားသမား ၁၀ ဦးတို့ဟာ နိုင်ငံအပြောင်းအလဲ ပြုလုပ်ပြီးနောက် အလုပ်လုပ်ခွင့်ပါမစ်ရရှိရေး ပြန်လုပ်ခဲ့ရပါတယ်။
၎င်းတို့ဟာ အလုပ်လုပ်ခွင့် ပါမစ် မရရှိသေးပါက ဟော်လန်တွင် ကစားခွင့် အလုပ်လုပ်ခွင့် မရကြပါဘူး။
ယင်း Podcast အစီအစဉ်ကို ဘရီဒါအသင်းစီမံခန့်ခွဲရေးဒါရိုက်တာရမ်ကိုအိုဗာဆီယာက နားထောင်မိပြီးနောက် ဂျိမ်းစ်မှာ ကစားခွင့် အရည်အချင်းမပြည့်မီသူ ဖြစ်ကြောင်း ဟော်လန်ဘောလုံးအဖွဲ့ချုပ်ထံ အမှုဖွင့်လာပါတယ်။
ဟော်လန်ဘောလုံးအဖွဲ့ချုပ်က ဂျိမ်းစ်မှာ အရည်အချင်း မပြည့်မီသူ ဖြစ်ပေမယ့်လည်း ရလဒ်ကို မူလအတိုင်းထားကာ ပြန်ကစားရန် ဆုံးဖြတ်ခဲ့ပါတယ်။
တဖက်တွင် ဘရီဒါကလည်း ယင်းကို အယူခံဝင်ရန် စီစဉ်ထားပြီး ဘောလုံးအဖွဲ့ချုပ်မှာ စည်းမျဉ်းစည်းကမ်းကို လိုက်နာခြင်း မရှိကြောင်း ဆိုထားပါတယ်။