၂၀၃၁ ခုနှစ်အထိ ယူနိုက်တက်နှင့် စာချုပ်သစ်ချုပ်ဆိုလာတဲ့ ကိုဘီမိုင်နူး
=====================
ယူနိုက်တက်အလယ်တန်းကစားသမားကိုဘီမိုင်နူးဟာ အိုးထရက်ဖို့ဒ်တွင် ၂၀၃၁ ခုနှစ်အထိ ရှိနေမယ့် စာချုပ်သစ်အား ချုပ်ဆိုကာ အနာဂတ်နှင့်ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းများကို အဆုံးသတ်လာပါတယ်။
အသက် ၂၁ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ၂၀၂၃ ခုနှစ်တွင် ပထမအသင်းသို့ မထိုးဖောက်မီ စာချုပ်သစ်ချုပ်ဆိုခဲ့သူ ဖြစ်ပြီး ယင်းစာချုပ်က ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးပါမယ်။
စတော့ပေါ့ဖွား ယူနိုက်တက်အကယ်ဒမီထွက်ဟာ ယခင်နည်းပြရူဘင်အမိုရမ်လက်ထက်တုန်းက နေရာပျောက်ခဲ့ပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းက နာပိုလီသို့ အငှားဖြင့် ပြောင်းကစားရေး ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်က ကိုဘီမိုင်နူးရဲ့ တောင်းဆိုမှုကို ပယ်ချကာ အသင်းတွင် ဆက်ကစားစေကာ နေရာအတွက် တိုက်ပွဲဝင်စေခဲ့ပါတယ်။
ဇန်နဝါရီလတွင် အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် မိုက်ကယ်ကာရစ်ရောက်လာချိန်မှာတော့ ကိုဘီမိုင်နူးဟာ ပုံမှန်ပွဲထွက်ကစားခွင့်ရလာပါတယ်။
ကိုဘီမိုင်နူးက "မန်ချက်စတာယူနိုက်တက်က အမြဲတမ်း ကျွန်တော့်အိမ်ပါ။ ကျွန်တော့်မိသားစုအတွက် စပါယ်ရှယ်ကလပ်ပါ။ အသက်ခြောက်နှစ်အရွယ်မှာ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို စတင်ပူးပေါင်းတုန်းကလိုပဲ ဒီမှာ အောင်မြင်ဖို့ စိတ်အားထက်သန်မှု အပြည့်နဲ့ နေ့တိုင်း အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့် အခွင့်အရေး ရနေတာပါ။ ကလပ်အတွင်းမှာ အရှိန်အဟုန်မြင့်တက်လာတာကို အားလုံး ခံစားနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ ဆုဖလားတွေအတွက် ပုံမှန်တိုက်ပွဲဝင်လာအောင် ယူနိုက်တက်ကို ကိုယ့်အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်"လို့ ပြောကြားသွားပါတယ်။
ကိုဘီမိုင်နူးဟာ မိုက်ကယ်ကာရစ်လက်ထက်တွင် ပုံမှန်ကစားခွင့်ရပြီးနောက် မတ်လတုန်းက သောမတ်စ်တူချယ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။