သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှုဖြစ်

အာဆီယံနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ကာ မိမိနိုင်ငံ၏ မူလရပ်တည်ချက်အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်
သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှုဖြစ်ပြီး Commnication Skill၊ Language Skill၊ Negotiation Skill များ တိုးတက်စေရန် အစဉ်လေ့လာ ဆည်းပူး၍ မြှင့်တင်စေလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ပြောသည်။
ယမန်နေ့ က မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောချိန် ပြည်ထောင်စုဝန်ကြီး ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်ကိုယ်စားပြုသည့်အတွက် စောင့်ထိန်းရမည့်ကျင့်ဝတ်များကို အလေးထားလိုက်နာစေလိုကြောင်း၊ မိမိသွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ ဓလေ့စရိုက်နှင့် ယဉ်ကျေးမှုများကိုလည်း အလေးထားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုနှင့်အညီ မြန်မာနိုင်ငံနှင့် အိမ်နီး ချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအကြားနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ကာ မိမိနိုင်ငံ၏ မူလရပ်တည်ချက်အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ကပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ သံအမတ်ကြီးများ၊ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ပြည်ပသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

image