မာတီနက်ဇ် မတော်တဆမှုဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှ ကူကူရယ်လာကို ဆံပင်ဆွဲခဲ့ပေမယ့် အရေးယူခြင်းမခံခဲ့ရတဲ့ ကယ်ဗတ်လီဝင်း
===================
လိဒ်တိုက်စစ်မှူးဒိုမီနစ်ခ်ကယ်ဗတ်လီဝင်းဟာ ချဲလ်ဆီးအား ရှုံးနိမ့်တဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် မာ့ခ်ကူကူရယ်လာကို ဆံပင်ဆွဲခဲ့ပေမယ့် အရေးယူခြင်းမခံခဲ့ရပါဘူး။
ဘောလုံးပရိသတ်များဟာ ယခုလအစောပိုင်းတုန်းက လိဒ်တိုက်စစ်မှူးကို ဆံပင်ဆွဲမှုအတွက် ယူနိုက်တက်ခံစစ်မှူးလီဆန်ဒရိုမာတီနက်ဇ် အနီကတ်ပြသခြင်းခံရကာ ၃ ပွဲပယ်ခံခဲ့ရပေမယ့် တစုံတရာအရေးယူခြင်းမခံရမှုအပေါ် မေးခွန်းထုတ်လာကြပါတယ်။
ကူကူရယ်လာဟာ ပထမပိုင်းတွင် ကယ်ဗတ်လီဝင်းရဲ့ ဆံပင်ဆွဲခံရပြီးနောက် လဲကျသွားခဲ့ပါတယ်။
ယင်းအဖြစ်အပျက်ကြောင့် ပွဲရပ်သွားပြီး VAR က စစ်ဆေးမှု ပြုလုပ်ခဲ့ပေမယ့် အင်္ဂလန်တိုက်စစ်မှူးဟာ တစုံတရာအရေးယူမခံခဲ့ရပါဘူး။
ပရိသတ်တစ်ဦးက "မာတီနက်ဇ်ကျတော့ အနီကတ်ပြတယ်၊ ကယ်ဗတ်လီဝင်းကျတော့ အဝါကတ်တောင် အပြမခံရဘူး။ ကျုပ်တို့ကို ရှင်းပြဖို့ကော အစီအစဉ်ရှိသလား ဒိုင်အဖွဲ့ချုပ်ရေ"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း "သူ့ဆံပင်ကို ဆွဲတဲ့သူကို အထုတ်ခံရအောင် လုပ်ပြီးတဲ့နောက် ကယ်ဗတ်လီဝင်းက ဘယ်သူ့ကိုမဆို ဆံပင်ဆွဲနိုင်ပြီ"လို့ ဆိုသွားပါတယ်။
ဒါပေမယ့် အခြားတစ်ဦးကတော့ ကယ်ဗတ်လီဝင်းမှာ ကူကူရယ်လာကို ဆံပင်မဆွဲခဲ့ကြောင်း VAR က တွေ့ရှိခဲ့တယ်လို့ ဆိုသွားပါတယ်။