လူကာကူနှင့် နာပိုလီနည်းပြအန်တိုနီယိုကွန်တီတို့အကြား ပြဿနာသစ် ဖြစ်ပေါ်လာ
===================
နာပိုလီနည်းပြအန်တိုနီယိုကွန်တီဟာ လူမီလူလူကာကူအား ခပ်ပါးပါးတိုက်ခိုက် ပြောဆိုလာမှုနှင့်အတူ ၎င်းတို့အကြား ပြဿနာသစ် ဖြစ်ပေါ်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ လူကာကူဟာ ပြီးခဲ့တဲ့လတုန်းက ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံအသင်းမှ နုတ်ထွက်ခဲ့ရပြီးနောက် နာပိုလီအသင်းနှင့်ပြန်လည်ပူးပေါင်းရန် ပျက်ကွက်ခဲ့သူလည်း ဖြစ်ပါတယ်။
အင်တာမီလန်မှ အငှားဖြင့် ၂ ရာသီကြာ ကစားပြီးနောက် ၂၀၂၄ ခုနှစ်တွင် အပြီးသတ်စာချုပ်ဖြင့် ပြောင်းလာတဲ့ လူကာကူဟာ ကလပ်ရဲ့ ခွင့်မပြုချက်မရှိဘဲ ဘယ်လ်ဂျီယံတွင် ဆက်နေမှုအတွက် ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။
တဖက်တွင် လူကာကူဟာ ကလပ်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဒဏ်ရာမှ ပြန်လည်ပျောက်ကင်းရေး နောက်ဆုံးအဆင့် ပြန်လည်ထူထောင်ရေးအား ဘယ်လ်ဂျီယံတွင်ပင် ပြုလုပ်ခွင့်ရခဲ့ပါတယ်။
မီဒီယာများရဲ့အဆိုအရ လူကာကူဟာ နေပယ်သို့ ပြန်ရောက်လာပြီးနောက် အားကစားဒါရိုက်တာဂျီယိုဗန်နီမန်နာ၊ နည်းပြအန်တိုနီယိုကွန်တီနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် ခရီမိုနက်စ်အား ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲအပြီးမှာတော့ ကွန်တီက "သူနဲ့ စကားပြောခွင့် မရခဲ့ပါဘူး။ ကျွန်တော်တို့ ဒါရိုက်တာတွေထဲက တစ်ဦးတော့ လုပ်ခဲ့တာ သိတယ်။ သူ လေ့ကျင့်ရေးစင်တာသို့ ရောက်လာတယ်။ ကျွန်တော့်ရုံးခန်းလည်း အဲဒီမှာ ရှိနေတယ်။ ဒါပေမယ့် ဘယ်သူမှ အခန်းတံခါးလာမခေါက်ပါဘူး။ ဒါက ကျွန်တော့်ကို စိတ်ပျက်စေတယ်။ ကြိုဆိုမှုတစ်ခုပဲဖြစ်ဖြစ်၊ မက်ဆေ့ချ်ပဲဖြစ်ဖြစ် အခြားတခုခုပဲ ဖြစ်ဖြစ် မျှော်လင့်ခဲ့တာပါ။ ဒီလို အခြေအနေမျိုးတွေမှာ နည်းပြတွေက လူတိုင်းကို နားလည်ပေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဘယ်သူကမှ နည်းပြကို နားလည်မပေးကြပါဘူး။ ဒီလို ဖြစ်လာဖို့လည်း မမျှော်လင့်ခဲ့ပါဘူး"လို့ ပြောကြားသွားပါတယ်။
လူကာကူဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာကြောင့် ပွဲအများစု လွဲချော်ထားပြီး ဟွိုက်လန်းက အဓိကတိုက်စစ်မှူးအဖြစ် ကစားနေပါတယ်။ လူကာကူဟာ ယခုရာသီတွင် နာပိုလီအတွက် ၇ ပွဲတည်းသာ ကစားထားနိုင်ပြီး ၁ ဂိုးသွင်းထားပါတယ်။