ချန်ပီယံရှစ်တွင် ၂ နှစ်ကြာ ကစားပြီးနောက် တန်းဆင်းလိုက်ရတဲ့ အောက်စ်ဖို့ဒ်ယူနိုက်တက်
=================
အောက်စ်ဖို့ဒ်ယူနိုက်တက်ဟာ စနေနေ့တုန်းက ချာလ်တန်တို့ ဟားလ်စီးတီးအား အနိုင်ရရှိသွားမှုနှင့်အတူ ချန်ပီယံရှစ်ကနေ လိဂ် ၁ သို့ တန်းဆင်းလိုက်ရပြီ ဖြစ်ပါတယ်။
အောက်စ်ဖို့ဒ်ယူနိုက်တက်ဟာ လက်ကျန် ချန်ပီယံရှစ်ပွဲစဉ်များအားလုံးကို အနိုင်ရပြီး ချာလ်တန်ကလည်း ရှုံးနိမ့်မှသာလျှင် ချန်ပီယံရှစ်တွင် ဆက်ကျန်နိုင်မယ့် အခွင့်အရေး ရှိနေခဲ့တာပါ။
ဒါပေမယ့် ချာလ်တန်က ဟားလ်စီးတီးကို ၂-၁ ဖြင့် အနိုင်ယူလာမှုနှင့်အတူ အောက်စ်ဖို့ဒ်ယူနိုက်တက်ဟာလည်း တန်းဆင်းလိုက်ရပြီ ဖြစ်ပါတယ်။
အောက်စ်ဖို့ဒ်ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီတွင် လိဂ် ၁ ပလေးအော့ဖ်မှ တဆင့် တန်းတက်လာပြီးနောက် ချန်ပီယံရှစ်တွင် ၂ ရာသီကြာ ကျင်လည်ခွင့်ရခဲ့ပါတယ်။
အောက်စ်ဖို့ဒ်ဟာ ပထမရာသီဝက်တုန်းက ရလဒ်ဆိုးရွားမှုနှင့်အတူ နည်းပြဂယ်ရီရိုဝတ်ကို ထုတ်ပယ်ခဲ့ပြီး နည်းပြသစ်မတ်ဘလွမ်းဖီးလ်ကို ခန့်အပ်ခဲ့ပေမယ့်လည်း ပထမဆုံး ၉ ပွဲတွင် နိုင်ပွဲ ၁ ပွဲတည်းသာ ရရှိပြီး ရှုံးပွဲ ၄ ပွဲ ကြုံခဲ့ရပါတယ်။
ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အောက်စ်ဖို့ဒ်ယူနိုက်တက်ဟာ ဝက်စ်ဘရွန်း၊ ပရက်စတန်၊ ဘလက်ဘန်းတို့အား ၃ ပွဲဆက် နိုင်ပွဲ ရရှိခဲ့မှုနှင့်အတူ ချန်ပီယံရှစ်တွင် တင်ကျန်ရေး မျှော်လင့်ချက် လင်းလက်လာခဲ့ပါသေးတယ်။
ဒါပေမယ့် ယင်းနောက်ပိုင်း ၇ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရပြီးနောက် ရာသီသိမ်းရန် ၂ ပွဲတည်းသာ ကစားရမယ့်အချိန်တွင် ဘလက်ဘန်းနဲ့ ၅ မှတ်၊ ချာလ်တန်နဲ့ ၆ မှတ်ကွာဟသွားခဲ့ပါတယ်။
ယခုအခါမှာတော့ အောက်စ်ဖို့ဒ်ဟာ ရှက်ဖီးလ်ယူနိုက်တက်ကို ၄-၁ ဖြင့် အနိုင်ရခဲ့ပေမယ့်လည်း ချာလ်တန်တို့ နိုင်ပွဲ ရရှိလာမှုနှင့်အတူ ရာသီသိမ်းရန် ၁ ပွဲတည်းသာ ကျန်တော့တဲ့အချိန်တွင် အဆင့် ၂၁ နေရာမှ ဝက်စ်ဘရွန်းနှင့် ၄ မှတ်ကွာဟနေမှုနှင့်အတူ တန်းဆင်းသွားရပြီ ဖြစ်ပါတယ်။
အောက်စ်ဖို့ဒ်ဟာ လက်စတာ၊ ရှက်ဖီးလ်ဝင်းနက်စ်ဒေးတို့နှင့်အတူ လိဂ် ၁ သို့ တန်းဆင်းလိုက်ရပြီပဲ ဖြစ်ပါတယ်။