မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ဧပြီ ၂၇ ရက်ညပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ် ကွက်များနှင့် ကျေးရွာအုပ်စုနေရာအနှံ့အပြားတွင် သစ် ပင်/သစ်ကိုင်းကျိုးကျခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ၊ လျှပ်စစ်ဓာတ်တိုင်များထိခိုက်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ထံမှ သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ၁၁၅- ကေဗီ ဓာတ်အားလိုင်းမှာ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရာ ဓာတ်အားဖြန့် ဖြူးမှုစနစ်တစ်ခုလုံး၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက စက်ယန္တယားများဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် သစ်ပင်၊သစ်ကိုင်းများကိုဖယ်ရှားရှင်းလင်းခဲ့ကြ၍ ၁၁၅- ကေဗီ ဓာတ်အားလိုင်းမှာ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိခဲ့ရာ လျှပ်စစ်အန္တရာယ် ကင်းရှင်းရန်ရှင်းလင်းပြီးဖြစ်သော မြို့ပေါ်ရပ်ကွက်အချို့အား ည ၉ နာရီခွဲ၌ လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှင်းလင်းရန်ကျန်ရှိသည့်နေရာများအား ဆက်လက်ရှင်းလင်းလျက်ရှိ၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းပါက လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။