ဖားကန့် -နန့်ယား - ကားမိုင်းလမ်းမှာ ခရီးသည်တင်ကား ပစ်ခံရပြီး သေဆုံးနဲ့ဒဏ်ရာရရှိခဲ့သလို ခရီးသည်တင်ကား ခြောက်စီးကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား
ဖားကန့် - နန့်ယား - ကားမိုင်းလမ်းကို KIA က သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီးနောက် အဲဒီလမ်းပိုင်းမှာ ခရီးသည်တင်ကားတစီး ပစ်ခတ်ခံခဲ့ရပြီး ခရီးသည်တင်ကား တချို့ကိုလည်း KIA က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေဆီက သိရပါတယ်။
မနေ့ကဧပြီ ၂၆ ရက်နေ့မှာ ကားမိုင်းလမ်းကနေ ဖားကန့်ကိုတက်လာတဲ့ ခရီးသည်တင်ကား ခြောက်စီးကို KIA အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ ကားရော လူတွေပါ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ် ။
ဧပြီ ၂၄ ရက်နေ့မှာက ဖားကန့် - နန့်ယား - ကားမိုင်းလမ်းမှာ ခရီးသွားကားတစီးပစ်ခတ်ခံရတာဖြစ်ပြီး အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသမီး တယောက်သေဆုံးကာ အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
" အဖမ်းခံထားရတဲ့ ကားခြောက်စီးကတော့ ဖားပြင် ဘောလုံးကွင်းထဲမှာ ရပ်ထားတယ် သိရတယ်။ လူတွေကတော့ မသိဘူး ။ အဲဒီကားတွေက ဖားကန့် - ကားမိုင်းလမ်းကနေ တက်လာတဲ့ကားတွေပါ ။ လုံးခင်း အုပ်စု မမုံဘက်မှာ အဆွဲခံရတာ ။ အရင်ရက်က ခရီးသည်တင်ကား ပစ်ခတ်ခံရတာကတော့ ဖားကန့် - နန့်ယား - ကားမိုင်းလမ်းမှာဖြစ်တာ ။ ပစ်ခံရတဲ့နေရာက စစ်တပ်ဂိတ် နဲ့ဝေးတယ်။ " လို့ ကားသမားတယောက်က ပြောပါတယ် ။
ဖားကန့် - နန့်ယား - ကားမိုင်းလမ်းကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး လမ်းတလျှောက်လုံးမှာ စစ်ဆေးရေးဂိတ်တွေ ရှိပေမယ့်လည်း KIA ပူးပေါင်းတပ်တွေ ဘက်က ဝင်ရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသခံနဲ့ကားသမားတွေ ပြောပြချက်အရ သိရပါတယ်။
ဖားကန့် - နန့်ယား - ကားမိုင်းလမ်းကိုတော့ ဧပြီ ၂၂ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိသွားလာခွင့် ပိတ်ထားကြောင်း KIA တပ်ရင်း ၆ က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဲဒီလို သတိပေးထုတ်ပြန်ခဲ့ပေမယ့် ခရီးသည်တင်ကားနဲ့ကုန်တင်ကားတွေက သွားလာမှုရှိခဲ့တာဖြစ်ပြီး ဧပြီ ၂၄ ရက်နေ့ ခရီးသည်တင်ကားတစီး ပစ်ခတ်ခံရပြီးနောက်မှာတော့ ကား အသွားအလာ ကျဲသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကားသမားတချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် မဖြစ်မနေ လုပ်ကိုင်ရမယ့် အခြေအနေရှိလို့ အသက်နဲ့ရင်းပြီး ခရီးစဥ်ကို
သတိထားပြီး ပြေးဆွဲနေကြရတယ်လို့ ဆိုပါတယ်။
" ထွက်တဲ့ကားကတော့ ထွက်နေသေးတယ်။ ဒါပေမယ့် နည်းသွားတယ်။ ရင်ခုန်စွာမောင်းရတာပေါ့ ။ ရှေ့နားရောက်ရင် ဘယ်ကထွက်လာပြီး တားမလဲ ၊ ပစ်ခတ်သံဘယ်နေရာကထွက်လာမလဲ ဆိုပြီးစိုးရိမ်စိတ်နဲ့တော့မောင်းရတာပေါ့။ ခါတိုင်းဆိုရင်တော့ ကားပေါ်မှာ သီချင်းငြိမ့်ငြိမ့်နဲ့ ခုတော့ တိတ်ဆိတ်ပြီး နားစွင့်ပြီးမောင်းရတာ ။ ကားမိုင်း ကျော်မှ အသက်ဘေးကလွတ်ပြီဆိုပြီးတော့ ထခုန်မတတ်ပျော်ရတာ ။ " လို့ ဖားကန့် - မန္တလေး ပြေးဆွဲနေတဲ့ ကားသမားတယောက်က ပြောပါတယ်။
အစိုးရတပ်တွေက ဖားကန့်ဒေသကို စစ်အင်အားဖြည့်တင်းဖို့အတွက် ဖားကန့် - ကားမိုင်းလမ်းကို သုံးပြီး အဓိက ဝင်ရောက်ကာ စစ် အင်အားဖြည့်တင်းနေတဲ့ အတွက် အဆိုပါလမ်းကို ပြည်သူတွေသွားလာခွင့် KIA က ပိတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ အစိုးရတပ်ဖွဲ့ဝင်တွေ နဲ့ ပြည်သူ့စစ်အဖွဲ့တွေပေါင်းပြီး အင်အားအများအပြားနဲ့ ဖားကန့်ဒေသကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းခြင်းကို လုပ်ဆောင်နေတဲ့အတွက် လုံးခင်းကျေးရွာအုပ်စုကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်တဲ့အခြေအနေရှိ ပြီး KIA ပူးပေါင်းတပ်တွေဟာ တပ်ဆုတ်နေရ တယ်လို့ သိရပါတယ်။