လာလီဂါဖလားဆွတ်ခူးရေး လက်တစ်ကမ်းအလိုသို့ ရောက်လာတဲ့ ဘာစီလိုနာ
=====================

မားကပ်စ်ရက်ဖို့ဒ်ရဲ့ ဂိုးနဲ့အတူ ဘာစီလိုနာဟာ ဂီတာဖေးကို အနိုင်ယူကာ လာလီဂါဖလား နှစ်ကြိမ်ဆက် ဆွတ်ခူးရေး လက်တစ်ကမ်းအလိုသို့ ရောက်လာပြီ ဖြစ်ပါတယ်။
ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ ရက်ဖို့ဒ်ဟာ ဒုတိယပိုင်းတွင် တန်ပြန်တိုက်စစ်မှ တဆင့် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီးနောက် အနိမ့်ဘောကန်သွင်းပြီး အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
သောကြာနေ့တုန်းက ရီးရဲလ်မက်ဒရစ်တို့ ဘက်တစ်နှင့် တစ်ဂိုးစီသရေကျမှုအား အခွင့်အရေးယူလာနိုင်မှုနှင့်အတူ ဘာစီလိုနာဟာ ရမှတ် ၁၁ မှတ်အထိ ဖြတ်ကာ လာလီဂါအား ဦးဆောင်ထားနိုင်ပြီဖြစ်ပါတယ်။
ဘာစီလိုနာဟာ ရာသီသိမ်းရန် ၅ ပွဲတည်းသာ ကစားရန် ကျန်တော့တဲ့အချိန်တွင် ၁၁ မှတ်ဖြတ်ထားနိုင်တာ ဖြစ်ပြီး ၂၉ ကြိမ်မြောက် အမှတ်ပေးဖလား ဆွတ်ခူးရန် လက်တစ်ကမ်းအလိုသို့ ရောက်လာပြီပဲ ဖြစ်ပါတယ်။
မနေ့ညကပွဲတွင် ဘာစီလိုနာဟာ ပွဲချိန် ၄၅ မိနစ်တွင် ပီဒရိုရဲ့ ဖန်တီးမှုကနေ အလယ်တန်းတိုက်စစ်သမားဖာမင်လိုပက်ဇ်က ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ရက်ဖို့ဒ်ဟာ လာမိန်းယာမဲလ် မပါဝင်ပေမယ့်လည်း ယခုပွဲမှာ အရန်ခုံမှာသာ ထိုင်နေခဲ့ရပြီး ပွဲချိန်တစ်နာရီရောက်မှ ရိုးနီဘာ့ဂ်ဂျီနေရာမှာ လူစားလဲလှယ်ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် ရက်ဖို့ဒ်ဟာ တန်ပြန်တိုက်စစ်ကနေ ရောဘတ်လီဝန်ဒေါ့စကီးရဲ့ပေးပို့မှုကနေ လာလီဂါ ၇ ဂိုးမြောက်ဂိုးအား သွင်းယူခဲ့ပါတယ်။

image