YouTube ဗီဒီယိုဟောင်းများကို ပြသကာ စပါးစ်စတားများရဲ့တန်းမဆင်းရရေး တိုက်ပွဲအတွက် စိတ်ဓာတ်မြှင့်တင်ပေးမှု ပြုလုပ်လာတဲ့ ရောဘတ်တိုဒီဇာဘီ
=====================

ရောဘတ်တိုဒီဇာဘီဟာ စပါးစ်စတားများရဲ့ YouTube ဗီဒီယိုဟောင်းများကို ပြသကာ တန်းမဆင်းရရေး တိုက်ပွဲအတွက် စိတ်ဓာတ်မြှင့်တင်ပေးမှု ပြုလုပ်လာပါတယ်။
အီတလီလူမျိုးနည်းပြဟာ ဒီဇင်ဘာလနှောင်းပိုင်းကတည်းက ပရီးမီးယားလိဂ်တွင် နိုင်ပွဲပျောက်ဆုံးကာ စိတ်ဓာတ်ပိုင်း အဆုံးစွန်အထိ ရောက်နေကာ တန်းဆင်းရမယ့် အခြေအနေကြုံနေရတဲ့ စပါးစ်ကစားသမားများကို စိတ်ဓာတ်မြှင့်တင်ရေး ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
ရောဘတ်တိုဒီဇာဘီဟာ ယနေ့ညတွင် တန်းဆင်းထားရပြီးဖြစ်တဲ့ ဝုဗ်နှင့်ပွဲမတိုင်မီ စပါးစ်စတားများရဲ့ ယခင်တုန်းက အကောင်းဆုံးခြေစွမ်းဖြင့် ကစားခဲ့တဲ့ YouTube ဗီဒီယိုဟောင်းများကို ပြသကာ စိတ်ဓာတ်မြှင့်တင်လာတာပါ။
ဘရိုက်တန်နှင့် မာဆေးနည်းပြဟောင်းက "အပြုသဘောဆောင်နေဖို့ လိုတယ်။ အရင်ကောင်းခဲ့တာတွေကို အမှတ်ရပြီး အပြုသဘောဆောင်နေဖို့ လိုတယ်။ ကျွန်တော့်စကားလုံးတွေက မလုံလောက်ပါဘူး။ ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံ ထွက်ပေါ်လာဖို့ အကောင်းဆုံးအဖြေရှာရမယ်။ တခါတလေ ဗီဒီယိုတစ်ပုဒ်နဲ့ ဖြစ်သွားတယ်။ တခါတလေ စကားလုံးတွေနဲ့ အဖြေတွေ့သွားတယ်။ တခါတလေ ဝိုင် သို့မဟုတ် ဘီယာတစ်ခွက်နဲ့ အဖြေရသွားတယ်။ တခါတလေ ဗီဒီယိုတွေကို ဆန်းစစ်ပြီး တွေ့တယ်။ တခါတလေ အခြားကလပ်တွေမှာ သူတို့ လုပ်ပြခဲ့တာတွေနဲ့ အဖြေရှာတွေ့တယ်။ ရန်ဒယ်ကိုလိုမူအာနီကို ညာတောင်ပံမှာ သုံးတယ်ဆိုရင် သူက အရင်တုန်းက ဒီနေရာမှာ ကစားခဲ့ဖူးလို့ပါ။ YouTube ကို သွားပြီး 'ကိုလိုမူအာနီ ဖရန့်ဖတ်'လို့ ရိုက်ရှာကြည့်လိုက်ပါ။ ဒီနေရာမှာ သူ ကောင်းကောင်းကစားတာ တွေ့ရပါလိမ့်မယ်။ ဒီနေရာကနေ ဂိုးတွေလည်း အများကြီး သွင်းခဲ့တယ်။ ကျွန်တော်က ရုံးခန်းထဲမှာ အလုပ်လုပ်မနေဘူးဆိုရင်တောင် ကစားသမားတွေရဲ့ အချက်အလက် တခုခုကို ရှာဖွေနေဖို့က အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အချိန်မရှိဘူး၊ စဉ်းစားလို့ ရသမျှ အားလုံးကို လုပ်ရမယ်"လို့ ပြောကြားသွားပါတယ်။
အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ စပါးစ်ဟာ ရာသီသိမ်းရန် ၅ ပွဲတည်းသာလိုတော့တဲ့အချိန်တွင် တန်းဆင်းဇုန်ပြင်ပမှ ဝက်စ်ဟမ်းနှင့် ၂ မှတ်တည်းသာ ကွာဟနေပါတယ်။
တဖက်တွင် ဘယ်နောက်ခံလူဒိုင်နက်စ်တီအူဒိုဂီနှင့် ဂိုးသမားဗီကာရီယိုတို့မှာ ဒဏ်ရာပြဿနာကြောင့် ယနေ့ည Molineux ပွဲစဉ်ကို လွဲချော်လာကြပါမယ်။
ဒါ့အပြင် ဒူးဒဏ်ရာကြောင့် ၈ လကြာ အနားယူခဲ့ရပြီးနောက် ဘရိုက်တန်နှင့် သရေကျတဲ့ပွဲတွင် လူစာရင်းတွင် ပါဝင်ခဲ့တဲ့ ဂျိမ်းစ်မက်ဒီဆင်မှာလည်း ဝုဗ်နှင့်ပွဲစဉ်တွင်လည်း ပါဝင်ကစားလာနိုင်ဦးမှာ မဟုတ်သေးပါဘူး။

image