ဆန်းဒါးလန်းကို ငါးဂိုးပြတ်အနိုင်ယူကာ တန်းဆင်းဇုန်နှင့် ၈ မှတ်အကွာသို့ ရောက်လာကာ တန်းမဆင်းရရေး အခြေအနေကောင်းလာတဲ့ ဖောရက်စ်
======================

ဗစ်တာပီရီရာရဲ့ နော်တင်ဟမ်ဖောရက်စ်ဟာ သောကြာနေ့ညတုန်းက အလင်းရောင်ကွင်းမှာ အိမ်ရှင်ဆန်းဒါးလန်းကို ၅ ဂိုးပြတ်အနိုင်ယူပြီးနောက် တန်းဆင်းဇုန်နှင့် ရမှတ် ၈ မှတ်အကွာသို့ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်ရဲ့ တန်းဆင်းဇုန်နှင့် ရမှတ် ၈ မှတ်အကွာသို့ ရောက်လာမှုနှင့်အတူ တန်းဆင်းဇုန် ထိပ်ဆုံးမှ စပါးစ်တို့ တန်းမဆင်းရရေးအတွက် အပြင်းအထန် တိုက်ပွဲဝင်လာရတော့မှာလည်း ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်ဟာ ကောင်းမွန်လှတဲ့ အဆုံးသတ်ပိုင်းတွေကြောင့် ဆန်းဒါးလန်းကို ပထမပိုင်းမှာတင် ၄-၀ ဖြင့် အနိုင်ယူထားခဲ့တာ ဖြစ်ပြီး ယခုနိုင်ပွဲကြောင့် ရောဘတ်တိုဒီဇာဘီအနေဖြင့် စပါးစ်ကို ပရီးမီးယားလိဂ်တွင် တင်ကျန်ရေး အစွမ်းကုန် တိုက်ပွဲဝင်ရမယ့်အနေအထားသို့ ရောက်လာပါတယ်။
ဒီဇင်ဘာလကတည်းက နိုင်ပွဲပျောက်ဆုံးလာခဲ့တဲ့ စပါးစ်ဟာ တန်းမဆင်းရရေးအတွက် လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းနှင့် အပြိုင်ကြဲလာရတော့မှာလည်း ဖြစ်ပါတယ်။
အဆင့် ၁၈ နေရာက စပါးစ်ဟာ ယနေ့ညမှာ ပရီးမီးယားလိဂ်မှ တန်းဆင်းထားရပြီး ဖြစ်တဲ့ ဝုဗ်ကို Molineux သို့ သွားရောက် ရင်ဆိုင်ရပါမယ်။
တဖက်တွင် နော်တင်ဟမ်ဖောရက်စ်ကတော့ ယခု ဆန်းဒါးလန်းနိုင်ပွဲကြောင့် ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း ပိုင်ဆိုင်လာပြီး ပရီးမီးယားလိဂ်မှာ ရမှတ် ၃၉ မှတ်အထိ ရရှိလာပါတယ်။
ပုံမှန်အားဖြင့် ပရီးမီးယားလိဂ်တွင် ရမှတ် ၄၀ ရရှိလျှင် တန်းမဆင်းရဖို့ သေချာနေလေ့ ရှိတာကြောင့် ဖောရက်စ်တို့ ပရီးမီးယားလိဂ်မှာ တင်ကျန်လာတော့မယ်လို့ ယုံကြည်ရပါတယ်။
ပွဲအပြီးတွင် ဖောရက်စ်နည်းပြပီရီရာက "အရမ်းကောင်းတဲ့ ခြေစွမ်းပါ။ ကျွန်တော့်အသင်းကို ချန်ပီယံလိဂ်အဆင့်မျိုးနဲ့ ကစားဖို့ ပြောခဲ့တယ်။ ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ နည်းဗျူဟာပိုင်းရော စိတ်ဓာတ်ပိုင်းရော အမြင့်ဆုံးအနေအထားသို့ ရောက်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့ အမှတ်တွေ ပိုရဖို့ လိုသေးတယ်။ ကျွန်တော်တို့ရဲ့ ဒီစိတ်ဓာတ်ကို ဆက်ထိန်းထားရမယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ပီရီရာက စနေနေ့ညတွင် ကစားရမယ့် စပါးစ်၊ ဝက်စ်ဟမ်းပွဲများကို ကြည့်နေမှာ မဟုတ်ကြောင်းလည်း ဆိုသွားပါတယ်။
၎င်းက "ကိုယ့်အသင်းပွဲတွေကို ကြည့်နေတာနဲ့ကို အချိန်မလောက်ဘူး။ ဘီယာတစ်ခွက်လောက် သောက်ချင် သောက်နေလိမ့်မယ်။ အခြားပွဲတွေကိုတော့ ကြည့်နေမှာ မဟုတ်ဘူး"လို့ ပြောကြားသွားပါတယ်။
လက်ရှိအချိန်တွင် အမှတ်ပေးဇယားအောက်ဆုံးမှ ဘန်လေနှင့် ဝုဗ်တို့မှာ ပရီးမီးယားလိဂ်မှ တန်းဆင်းသွားရပြီဖြစ်ပြီး ကျန် တစ်နေရာအတွက် ဝက်စ်ဟမ်းနှင့် စပါးစ်တို့ တိုက်ပွဲဝင်လာရတော့မှာလည်း ဖြစ်ပါတယ်။
ယခုပွဲတွင် ဖောရက်စ်အတွက် အနိုင်ဂိုးတွေကို ဟူမီ(OG)၊ ခရစ်ဝုဒ်၊ မော်ဂန်ဂစ်ဘ်ဝှိုက်၊ အိုင်ဂေါ်ဂျေဆူး၊ အင်ဒါဆင်တို့က သွင်းယူခဲ့ကြပါတယ်။
မော်ဂန်ဂစ်ဘ်ဝှိုက်ဟာ ပြီးခဲ့တဲ့အပတ် ဘန်လေနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ယခုပွဲတွင်လည်း ထိပ်တန်းခြေစွမ်းဖြင့် ဆက်လက် ကစားသွားခဲ့ပါတယ်။

image