ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါဖလားမျှော်လင့်ချက်ကို အဆုံးသတ်လာတဲ့ အမေ့ခံ အာဆင်နယ်စတားဟောင်း
=====================
ရီးရဲလ်မက်ဒရစ်ဟာ သောကြာနေ့ညတုန်းက ဘက်တစ်နှင့်ပွဲတွင် နာကျင်အချိန်ပိုမှာ ချေပဂိုးပေးခဲ့ရပြီး ၁ ဂိုးစီသရေကျပြီးနောက် လာလီဂါဖလားမျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘက်တစ်နှင့် သရေကျမှုကြောင့် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ရမှတ် ၈ မှတ်သာ ကွာဟလာပါတယ်။ ဒါပေမယ့် ဘာစီလိုနာဟာ တစ်ပွဲလျှော့ကစားထားမှုနှင့်အတူ ယနေ့ည ဂီတာဖေးနှင့်ပွဲစဉ်တွင် အနိုင်ရရှိလာပါက ၅ ပွဲတည်းသာ ကစားရန် ကျန်တော့တဲ့အချိန်တွင် ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၁၁ မှတ်အထိ ဖြတ်ထားလာနိုင်မှာလည်း ဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ ဗီနီရှပ်စ်ဂျူနီယာရဲ့ ဗယ်ဗာဒီရဲ့ ကန်ချက်ကို ဂိုးသမားပုတ်ထုတ်လိုက်မှုကနေ အံကျလာတဲ့ ဘောလုံးကို ပိတ်သွင်းပြီး ဦးဆောင်ဂိုးရခဲ့ပါတယ်။
အခုပွဲမှာ ဘက်တစ်တို့ အခွင့်အရေး ပိုမို ရရှိခဲ့ပြီး သီဘောက်ကော့တွိုက်စ် ဒဏ်ရာရရှိနေလို့ ပွဲထွက်ကစားသမားအဖြစ် ကစားလာတဲ့ လူနန်ရဲ့ ကမ္ဘာ့အဆင့်လက်စွမ်းပြကာကွယ်မှု ၂ ကြိမ်ကြောင့် ချေပဂိုးစောစောစီးစီး မပေးခဲ့ရတာပါ။
အခုပွဲမှာ လီဗာပူးစတားဟောင်းထရန်းအလက်ဇန္ဒားအာနိုးရဲ့ လှပတဲ့ ဖန်တီးမှုကနေ ကိုင်လီယန်ဘက်ပေး ဂိုးသွင်းခဲ့ပေမယ့်လည်း အနည်းငယ် လူကျွံနေလို့ ဂိုးမရရှိခဲ့ပါဘူး။
ဒါပေမယ့် ပွဲပြီးခါနီးမှာတော့ မန်နူရယ်ပယ်လီဂရီနီဦးဆောင်တဲ့ ဘက်တစ်ဟာ ချေပဂိုးရရှိရေး တိုက်စစ်ဖွင့်ကစားခဲ့ပြီး အချိန်ပို ၉၃ မိနစ်မှာတော့ အာဆင်နယ်စတားဟောင်းဟတ်တာဘယ်လီရန်က ပြန်အံထွက်လာတဲ့ ဘောလုံးကို သွေးအေးအေးဖြင့် ပိတ်သွင်းကာ အဖိုးတန်တစ်မှတ်ရရှိစေမယ့် ဂိုးအား သွင်းယူခဲ့ပါတယ်။
ယခုရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲမြောက် နိုင်ပွဲ ပျောက်ခဲ့ရပါတယ်။
ဘက်တစ်ကတော့ ယခုရလဒ်ကြောင့် အဆင့် ၅ နေရာမှာပဲ ဆက်လက်ရပ်တည်နေရဆဲ ဖြစ်ပြီး အဆင့် ၄ နေရာမှ အက်သလက်တီကိုနှင့် ရမှတ် ၇ မှတ်အထိ ကွာဟနေတုန်း ဖြစ်ပါတယ်။