ဂျာမနီ စစ်သည်အင်အားတိုးမြှင့်မည်ဖြစ်ပြီး၊ မိမိဆန္ဒအလျောက် စစ်မှုထမ်းသူ ဦးရေမပြည့်မီပါက "မဝင်မနေရ စစ်မှုထမ်းစနစ်" ကို ကျင့်သုံးသွားမည်ဟုဆို

ဂျာမနီနိုင်ငံသည် ဆယ်စုနှစ်ခုနစ်ခုကြာ ထိန်းသိမ်းခဲ့သော စစ်ရေးအရ ချုပ်တည်းမှုမူဝါဒကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ယခုအပတ်တွင် ဂျာမနီသည် ၁၉၄၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးသော ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာသစ်ကို ထုတ်ဖော်ကြေညာခဲ့သည်။ ယင်းအစီအစဉ်အရ ၂၀၃၀ ပြည့်နှစ်များအလယ်ပိုင်းတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်သည်အင်အားကို ၂၆၀,၀၀၀ အထိ တိုးမြှင့်ရန်နှင့် အရံအင်အားကို ၂၀၀,၀၀၀ အထိ မြှင့်တင်ရန် ရည်မှန်းထားသည်။ ဖော်ပြထားသော ရည်မှန်းချက်မှာ ၂၀၃၉ ခုနှစ်တွင် ဥရောပ၏ အင်အားအကောင်းဆုံး သမားရိုးကျစစ်တပ် ဖြစ်လာစေရန်နှင့် ရုရှားနိုင်ငံကို တန်ပြန်ရန် အသင့်ဖြစ်နေစေရန်ဟု ဆိုသည်။
ဂျာမနီလက်နက်ကိုင်တပ်ဖွဲ့ (Bundeswehr) ၏ ဒုတိယစစ်ဆေးရေးအရာရှိချုပ် နီကိုးလ်ချီလင်(Nicole Schilling) က စစ်မှုထမ်းရန် လျှောက်ထားသူအရေအတွက်မှာ ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာပြီး လျှောက်လွှာတင်သူ ၂၀ ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း ပြောကြားခဲ့သည်။ ဥပဒေအသစ်အရ စစ်အင်အားတိုးချဲ့မှုကို အတည်ပြုပြဋ္ဌာန်းထားပြီး အကယ်၍ မိမိဆန္ဒအလျောက် စစ်မှုထမ်းသူ ဦးရေမပြည့်မီပါက "မဝင်မနေရ စစ်မှုထမ်းစနစ်" ကို နောက်ဆုံးရွေးချယ်စရာအဖြစ် ကျင့်သုံးသွားမည်ဖြစ်သည်။
သို့သော် ဤဖြစ်ရပ်မှာ ပိုမိုနက်ရှိုင်းသော အကြောင်းအရင်းများ ရှိနေသည်။ ဂျာမနီ၏ စစ်အင်အားတည်ဆောက်မှုသည် ရုရှား၏ ခြိမ်းခြောက်မှုအတွက်သာမက၊ အမေရိကန်ပြည်ထောင်စုအပေါ် မရေရာမှုများ ရှိနေခြင်းကြောင့်လည်း ဖြစ်သည်။
ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်စ်(Boris Pistorius)က အစိုးရအနေဖြင့် စစ်သားစုဆောင်းရာတွင် လက်တွေ့ကျသော ချဉ်းကပ်မှုမျိုး ကျင့်သုံးနေကြောင်း ပြောကြားခဲ့သည်။ လူအင်အား လုံလောက်စေရန်အတွက် လက်ရှိရှိသော ရာထူးနေရာများထက် လျှောက်ထားသူ အရေအတွက်ကို ပိုမိုလက်ခံသွားမည်ဖြစ်သည်။
"တာဝန်ထမ်းဆောင်မယ့်သူတွေကို သတ်မှတ်ချက်ထက် ပိုလက်ခံထားတဲ့(Overbooking) ပုံစံမျိုး ကျွန်တော်တို့ ခွင့်ပြုထားပါတယ်" ဟု "ဥရောပအတွက် တာဝန်ယူမှု" (Responsibility for Europe) ဟု အမည်ပေးထားသော မဟာဗျူဟာကို ထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲတွင် Pistorius က ပြောကြားခဲ့သည်။
စစ်အင်အားတိုးချဲ့မှုကို အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။ ၂၀၂၉ ခုနှစ်အထိ လျင်မြန်စွာ အင်အားတည်ဆောက်သည့်အဆင့်၊ ၂၀၃၅ ခုနှစ်အထိ စွမ်းဆောင်ရည်ကို အဓိကထားသည့်အဆင့် နှင့် ၂၀၃၉ ခုနှစ်နှင့် နောက်ပိုင်းတွင် နည်းပညာကို အခြေခံသည့်အဆင့်တို့ဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် စတင်အသက်ဝင်သော ဥပဒေအသစ်သည် ဤရည်မှန်းချက်များကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ယင်းအစီအစဉ်အရ Bundeswehr စစ်တပ်အား လက်ရှိ စစ်သည် ၁၈၅,၄၂၀ ဦးမှ ၂၀၃၀ ပြည့်နှစ်များအလယ်တွင် ၂၆၀,၀၀၀ အထိ တိုးမြှင့်သွားမည်ဖြစ်သည်။ အရံတပ်ဖွဲ့ကိုလည်း လက်ရှိ ၆၀,၀၀၀ ခန့်မှ အနည်းဆုံး ၂၀၀,၀၀၀ အထိ တိုးချဲ့မည်ဖြစ်ရာ စုစုပေါင်း တိုက်ပွဲဝင်အသင့် အင်အား ၄၆၀,၀၀၀ ခန့် ရှိလာမည်ဖြစ်သည်။
ထို့အပြင် တင့်ကား၊ လေယာဉ် သို့မဟုတ် သင်္ဘော အရေအတွက်ကဲ့သို့သော စက်ပစ္စည်းပမာဏ သတ်မှတ်ချက်များထက် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသော "ရလဒ်အခြေပြု စီမံကိန်း"ကို ကျင့်သုံးမည်ဖြစ်သည်။ စစ်တပ်အနေဖြင့် အဝေးပစ် တိကျစစ်ဆင်မှုများ၊ ဟိုက်ပါဆိုးနစ် ဒုံးကျည်ကာကွယ်ရေးနှင့် ဒရုန်းတပ်ဖွဲ့များကို ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်သည်။
"မေးခွန်းက ဂျာမနီစစ်တပ်မှာ တပ်ရင်းဘယ်နှစ်ရင်း လိုသလဲဆိုတာမဟုတ်ဘဲ ဘယ်လိုစွမ်းဆောင်ရည်မျိုးတွေ ဖန်တီးပေးနိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်" ဟုလည်း ဘောရစ်ပစ္စတိုးရီးယပ်စ်က ဆိုသည်။
စစ်အင်အားတိုးချဲ့ရခြင်း၏ တရားဝင်အကြောင်းပြချက်မှာ ရှင်းလင်းပါသည်။ ရုရှားသည် ၎င်း၏စစ်အင်အားကို ပြန်လည်တည်ဆောက်နေပြီး ၂၀၂၉ ခုနှစ်တွင် နေတိုးနယ်မြေကို ခြိမ်းခြောက်လာနိုင်ကြောင်း ဂျာမန်တို့က ယူဆထားကြသည်။ ဂျာမန်ကာကွယ်ရေး စီမံကိန်းရေးဆွဲသူများသည် နေတိုး၏ ထောက်လှမ်းရေးသတင်းများနှင့် ယူကရိန်းစစ်ပွဲတွင် အထိအခိုက်များရှိသော်လည်း ရုရှား၏ စစ်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်စွမ်းအပေါ် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။
Heritage Foundation မှ ကာကွယ်ရေးဘတ်ဂျက်နှင့် နေတိုးမူဝါဒဆိုင်ရာ အကြီးတန်းအကြံပေး ဝီလ်ဆန်ဘီဗာ(Wilson Beaver)ကလည်း "ဂျာမနီဟာ ဥရောပနေတိုးအဖွဲ့ဝင်တွေထဲမှာ အချမ်းသာဆုံးနဲ့ လူဦးရေအများဆုံးနိုင်ငံဖြစ်တာကြောင့် ရုရှားကို ဟန့်တားပြီး ဥရောပငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်" ဟု Newsweek သို့ ပြောကြားခဲ့သည်။

image