ဂျိုတာညီနောင် သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုတွင် ရာဇဝတ်မှုနှင့် ဆက်စပ်နေခြင်း မရှိကြောင်း စုံစမ်းစစ်ဆေးသူများ ဆုံးဖြတ်လာ
=================
လီဗာပူးတိုက်စစ်မှူးဟောင်းဒီယေဂိုဂျိုတာနှင့် ညီဖြစ်သူ အင်ဒရေးဆေးလ်ဗားတို့ အသက်သေဆုံးစေခဲ့တဲ့ ယာဉ်တိုက်မှုတွင် ရာဇဝတ်မှုနှင့် ဆက်စပ်နေခြင်း မရှိကြောင်း စပိန်စုံစမ်းစစ်ဆေးသူများက ဆုံးဖြတ်လာပါတယ်။
ဂျိုတာနှင့် ဆေးလ်ဗားတို့ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တုန်းက စပိန်မြောက်ပိုင်းကာနာဒယ်လာအနီး A-52 အဝေးပြေးလမ်းမပေါ်တွင် Lamborghini ဘီးပွင့်ထွက်သွားပြီးနောက် ယာဉ်တိုက်မှုဖြစ်ကာ သေဆုံးသွားခဲ့ကြပါတယ်။
အထက်ပါ ယာဉ်မတော်တဆမှုအား စုံစမ်းစစ်ဆေးပြီးနောက် စပိန်တရားရုံးက ယင်းယာဉ်တိုက်မှုမှာ ကားတာယာပွင့်သွားမှုကြောင့် ဖြစ်ပြီး လမ်းလယ်ခေါင်ကျွန်းကို တိုက်မိပြီးနောက် မီးလောင်သွားခြင်းဖြစ်ကြောင်း ဆုံးဖြတ်လာပါတယ်။
ဇာမိုရာပြည်နယ် တရားမျှတရေး တရားရုံးချုပ်က သက်သေအထောက်အား အားလုံးကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဂျိုတာနှင့် ဆေးလ်ဗားတို့ သေဆုံးမှုတွင် ရာဇဝတ်မှုနှင့် တစုံတရာ ဆက်စပ်နေခြင်း မရှိကြောင်း ဆုံးဖြတ်လာတာပါ။
ဂျိုတာဟာ လီဗာပူးနှင့်အတူ ရာသီကြိုလေ့ကျင့်ခန်းဆင်းရန်အတွက် ညီဖြစ်သူနှင့်အတူ စပိန်ဆိပ်ကမ်းမြို့တော် ဆန်တားဒါးသို့ သင်္ဘောစီးရန် သွားစဉ် လမ်းခရီးမှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။
ဂျိုတာဟာ ဆေးဘက်ဆိုင်ရာပရော်ဖက်ရှင်နယ်များက နွေရာသီအစောပိုင်းတုန်းက အဆုတ်ခွဲစိတ်ကုသထားရမှုနှင့်အတူ လေယာဉ်ဖြင့် ခရီးမသွားရန် အကြံပေးထားမှုကြောင့် သင်္ဘောဖြင့် သွားရန် ဆိပ်ကမ်းသို့ ကိုယ်တိုင်မောင်းနှင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဂျိုတာဟာ ယာဉ်တိုက်မှုကြောင့် မသေဆုံးမီ ၁၁ ရက်အလိုကမှ ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုရှိ ဘုရားကျောင်းတစ်ခုတွင် ငယ်ချစ် ရူတီကာဒိုဆိုနှင့် လက်ထပ်ခဲ့သူ ဖြစ်ပါတယ်။
ဂျိုတာနှင့် ဆေးလ်ဗားညီနောင်တို့ရဲ့ အသုဘအခမ်းအနားကို ၂ ရက်အကြာတွင် ပေါ်တိုရှိ ဂွန်ဒိုမာတွင် ပြုလုပ်ခဲ့ပါတယ်။
ယင်းအသုဘအခမ်းအနားသို့ လီဗာပူးကစားဖော်ဟောင်းများ၊ ပေါ်တူဂီကစားဖော်ဟောင်းများ တက်ရောက်ခဲ့ကြပါတယ်။
လီဗာပူးဟာလည်း ဂျိုတာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၀ ကို ရာသက်ပန် အနားပေးခဲ့သလို စာချုပ်လက်ကျန် တန်ဖိုးအတွက်လည်း ကျန်ရစ်သူ မိသားစုအား နစ်နာကြေးပေးခဲ့ပါတယ်။
ဂျိုတာဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အန်းဆလော့ရဲ့ ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ဖလား ရရှိအောင် ၁၀ ဂိုးသွင်းကာ အဓိကနေရာမှ ကူညီခဲ့သူလည်း ဖြစ်ပါတယ်။