အမေရိကန်နှင့် အီရန်တို့ ဧပြီ ၂၇ ရက်နေ့တွင် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်မည်

အမေရိကန်နှင့် အီရန်တို့ အစ္စလာမ္မာဘတ်မြို့၌ ဧပြီလ ၂၇ ရက်နေ့တွင် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း Axios သတင်းဌာန၏ သတင်းထောက် ဘာရက်ရာဗစ်ဒ်က သတင်းရင်းမြစ်များကို ကိုးကား၍ ပြောကြားခဲ့သည်။

သူက X လူမှုကွန်ရက်တွင် ရေးသားရာ၌ "အမေရိကန် သံတမန်များနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ်အာရက်ချီ တို့၏ တွေ့ဆုံပွဲကို လာမည့်တနင်္လာနေ့တွင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း၊ ယင်းမှာ စီးပွားရေးလုပ်ငန်းရှင် ဂျရက်ကုရှ်နာနှင့် အမေရိကန် အထူးသံတမန် စတိဗ်ဝစ်‌ကော့ဖ်တို့က ပါကစ္စတန်ကြားဝင်ဖျန်ဖြေသူများနှင့် သီးခြားစီ နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်" ဟု ဖော်ပြထားသည်။

အမေရိကန်နှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ်အာရက်ချီ သည် စနေနှင့် တနင်္ဂနွေနေ့များတွင် ပါကစ္စတန်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

"အမေရိကန်နဲ့ သုံးပွင့်ဆိုင်တွေ့ဆုံပွဲ ပြုလုပ်မယ့်ကိစ္စကို အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ်အာရက်ချီ နဲ့ ကျွန်တော်တို့ တွေ့ဆုံပြီးတဲ့နောက်မှ သုံးသပ်ဆုံးဖြတ်သွားမှာပါ" ဟု ပါကစ္စတန်ဘက်မှ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ်အာရက်ချီသည် အိုမန်နှင့် ရုရှားနိုင်ငံများသို့လည်း လုပ်ငန်းခွင်ခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသဖြင့် အမေရိကန်နှင့် ဆက်သွယ်ဆွေးနွေးမည့် အချိန်အတိအကျကိုမူ သတ်မှတ်ရခြင်း မရှိသေးပေ။

image