သတင်း အေဂျင်စီဖြစ်တဲ့ Chin World ၊ မျက်မှောက်ခေတ် နဲ့ Khonuthung Media တို့ကို လိုင်စင်ပိတ်သိမ်း

ပြည်တွင်း သတင်းအေဂျင်စီ သုံးခုဖြစ်တဲ့ Chin World ၊ မျက်မှောက်ခေတ် နဲ့ Khonuthung Media တို့ကို လိုင်စင်ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်မှာ အသိပေးလာ ပါတယ်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေတဲ့ အကြောင်းအရာကို ရေးသားလွှင့်တင်ဖော်ပြခဲ့တဲ့အတွက် သတင်းအေဂျင်စီလုပ်ငန်းကို ဧပြီလ ၉ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်တာ ဖြစ် တယ်လို့ ဆိုပါတယ်။

ခုလို သတင်းဌာနတချို့ကို ထပ်မံပိတ်သိမ်းတဲ့ အပေါ် ဝါရင့် သတင်းစာဆရာတယောက်ကတော့

"ဒီလိုလိုင်စင်ပိတ်သိမ်းတာတွေ ထပ်ထွက်လာမယ်လို့ မမျှော်လင့်ကြဘူး ။သူတို့အစိုးရက လွှတ်တော်လည်းရှိလာပြီ၊ .?အရပ်သားအုပ်ချုပ်ရေးလိုမျိုး ဆန္ဒရှိတယ်ဆိုရင် ဒီလိုဟာမျိုးတွေမလုပ်သင့်ဘူး။မီဒီယာကို ဖြေလျှော့မယ်လို့ တချို့မျှော်လင့်တဲ့အချိန်မှာ ဒီဟာက မီဒီယာကို လိုင်စင်ပိတ်သိမ်းတာ သတင်းလွတ်လပ်ခွင့်ကို ထပ်ပြီးကန့်သတ်တဲ့လုပ်ရပ်မျိုးမို့လို့ သတင်းမီဒီယာလောကအတွက်တော့ မကောင်းဘူး ။ ဒီမီဒီယာတွေက ပြည်တွင်းမှာ လုပ်နေတာ ဟုတ်ချင်မှဟုတ်မယ်။ နယ်စပ်မှာလုပ်နေတာမျိုး တခြား အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်နေတာ ဖြစ်ချင်ဖြစ်မယ် ။ သို့သော်လည်း လိုင်စင်ပိတ်သိမ်းတယ်ဆိုတာက မီဒီယာအပေါ်ကန့်သတ်မှုတွေဒီမီဒီယာတွေမှာ လုပ်နေတဲ့ သတင်းသမားတွေအပေါ်မှာ ဖမ်းဆီးအရေးယူမှုကိုလုပ်နေဆဲပဲဆိုတာကို ပြလိုက်သလိုမျိုးပေါ့ ။ "လို့ မှတ်ချက်ပြု ပြောပါတယ် ။

သတင်း ထုတ်လုပ်ခွင့်လိုင်စင်ပိတ်သိမ်းခံခဲ့ရတဲ့ အေဂျင်စီတွေရဲ့တာဝန်ရှိသူတွေကတော့ Chin World သတင်း အေဂျင်စီက ဆလိုင်းရန်လင်းမာန် ၊ ဦးဂျေမှိန်းထန်းစန်းငါက Khonumthung Media နဲ့ ဦးမင်းထက်အောင်က မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့ ဖြစ်တယ်လို့ သိရပါတယ် ။

အရင်ကလည်း DVB၊ မဇ္ဈိမ၊ Myanmar Now၊ ခေတ်သစ် ၊ 7day ၊ မဲခေါင် အပါအဝင် သတင်းဌာန ၁၀ ခုထက်မနည်းကို လိုင်စင်ပိတ်သိမ်းခဲ့သလို စာပေတိုက်လေးခုနဲ့ ပုံနှိပ်တိုက်နှစ်ခုလည်း လိုင်စင်ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းအေဂျင်စီတွေအနေနဲ့ မီဒီယာအမျိုးအစားတခုခုကို အသုံးပြုပြီး ဖြစ်စေ၊ နည်းပညာ တရပ်ရပ်ကို အသုံးပြုပြီး ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြတာမျိုးမပြုလုပ်ဖို့လည်း သတိပေး ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း မြေပြင်အခြေအနေမှာတော့ ပိတ်သိမ်းခံရတဲ့ သတင်းဌာနအများစုဟာ ခုချိန်ထိ သတင်းတွေကို ထုတ်လွှင့်နေဆဲ ဖြစ်ပါတယ်။

လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံထားရတဲ့ သတင်းဌာန အများစုဟာ နယ်စပ်ဒေသ နဲ့ လက်နက်ကိုင်စိုးမိုးနယ်မြေတွေ ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရုံးဖွင့်လုပ်ကိုင်နေကြတာများတယ်လို့ သိရပါတယ်။

image