ယာဉ်မောင်းအမည်ကို ပြောကြားရန် ပျက်ကွက်မှုဖြင့် ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံလာရဖို့ ရှိနေတဲ့ ဝက်စ်ဟမ်းစတားဟောင်းအန်တိုနီယို
=======================
ဝက်စ်ဟမ်းစတားဟောင်းမီချယ်အန်တိုနီယိုဟာ ပြီးခဲ့တဲ့နှစ်တုန်းက သတ်မှတ်မိုင်နှုန်းထက် မောင်းနှင်ခဲ့တဲ့ သူ့ရဲ့ Lamborghini ကားအား မောင်းနှင်တဲ့ ယာဉ်မောင်းအမည်ကို ရဲတပ်ဖွဲ့အား မပြောကြားမှုအတွက် ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံလာရဖို့ ရှိနေပါတယ်။
ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ဧပြီလတုန်းက ရဲတပ်ဖွဲ့အား အသိပေးရန် ပျက်ကွက်ခဲ့ကြောင်း Birmingham Magistrates' Court က စစ်ဆေးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အန်တိုနီယိုရဲ့ Lamborghini ဟာ ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့တုန်းက ဘာမင်ဂမ်ရှိ တစ်နာရီလျှင် မိုင် ၄၀ သာ မောင်းနှင်ခွင့်ရှိတဲ့ ဇုန်တွင် တစ်နာရီလျှင် မိုင် ၅၀ နှုန်းဖြင့် မောင်းနင်ခဲ့တာ ဖြစ်ပြီး ယင်းအမှုအား ဖြေလျှော့ခြင်းခံခဲ့ရပါတယ်။
အန်တိုနီယိုဟာ ယင်းမတိုင်မီ ဒီဇင်ဘာလတုန်းက လေ့ကျင့်ရေးကွင်းမှ အပြန်တွင် Ferrari ကားဖြင့် သစ်ပင်ကို ဝင်တိုက်မိကာ အရိုးကျိုးဒဏ်ရာများ ရရိကာ ဆေးရုံတွင် သုံးပတ်ကြာ တက်ရောက်ကုသခဲ့ရသူလည်း ဖြစ်ပါတယ်။
သူဟာ ယင်းယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ ယာဉ်အား အာမခံမထားရှိမှုအတွက် လိုင်စင်မှ ၆ ပွိုင့်လျှော့ချခြင်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ယခု သူဟာ Lamborghini ကားအား မောင်းနှင်တဲ့သူအမည်ကို ရဲတပ်ဖွဲ့အား ပြောကြားရန် ပျက်ကွက်မှုအတွက် နောက်ထပ် ၆ ပွိုင့်လျှော့ချခြင်းခံလာရမည်ဖြစ်ရာ ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံလာရတော့မှာလည်း ဖြစ်ပါတယ်။
ကာတာစတားလိဂ်တွင် ကစားနေတဲ့ အသက် ၃၆ နှစ်ရှိ ဂျာမေကာတိုက်စစ်မှူးဟာ ယင်းအမှုကို လာမယ့် ဇွန်လ ၁၉ ရက်နေ့တွင် Birmingham Magistrates' Court တွင် အမှုရင်ဆိုင်ရပါမယ်။
တဖက်တွင် အန်တိုနီယိုဟာ အခြားအမှုတစ်ခုအနေဖြင့် လန်ဒန်မြို့လယ်တွင် Lamborghini Urus ကားဖြင့် မဆင်မခြင် မောင်းနှင်မှုဖြင့်လည်း ရဲတပ်ဖွဲ့အား တုံ့ပြန်ရန် ပျက်ကွက်မှုဖြင့် အမှုရင်ဆိုင်နေရပါသေးတယ်။
အန်တိုနီယိုအမည်ဖြင့် မှတ်ပုံတင်ထားတဲ့ Lamborghini Urus ကားဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၅ ရက်နေ့ အစောပိုင်းတုန်းက မဆင်မခြင် မောင်းနှင်ခဲ့တာပါ။ အန်တိုနီယိုဟာ ယင်းအချိန်တုန်းက ယင်းကားကို မည်သူ မောင်းသလဲဆိုတာနှင့်ပတ်သက်ပြီးတော့ ပြောကြားရန် ပျက်ကွက်ထားပါသေးတယ်။