ကမ္ဘာ့ဖလားကျင်းပရန် ရက် ၅၀ သာ လိုတော့တဲ့အချိန်တွင် ပင်နယ်တီကန်သွင်းစဉ် ကြွက်သားဒဏ်ရာရရှိလာတဲ့ လာမိန်းယာမဲလ်
===================
ဘာစီလိုနာစတားလာမိန်းယာမဲလ်ဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ဆဲလ်တာဗီဂိုအား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ပင်နယ်တီမှ တဆင့် ဂိုးသွင်းယူပြီးနောက် တံကောက်ကြောဒဏ်ရာရရှိသွားခဲ့ပါတယ်။

အသက် ၁၈ နှစ်ရှိ ယာမဲလ်ဟာ စပိန်အသင်းကို ယူရို ၂၀၂၄ ချန်ပီယံဖြစ်အောင် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အသင်းရဲ့တိုက်စစ်ကို ဦးဆောင်လာမယ့်သူ ဖြစ်ပါတယ်။

ဒါပေမယ့် ယာမဲလ်ဟာ နူးကမ့်ပွဲစဉ်ရဲ့ ပထမပိုင်းတွင် ပင်နယ်တီကန်သွင်းစဉ် ဒဏ်ရာရရှိလာမှုနှင့်အတူ စပိန်အသင်းတာဝန်ရှိသူများအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဆယ်ကျော်သက်ကစားသမားကို ဘာစီလိုနာဆေးအဖွဲ့ဝင်များက ချက်ချင်းပင် ဆေးကုသမှု ပြုလုပ်ခဲ့ပေမယ့်လည်း ကွင်းအတွင်းမှ လမ်းလျှောက်ထွက်ခွာသွားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ဟာ ယာမဲလ်နေရာမှာ ရွန်းနီဘတ်ဂီနှင့် လူစားလဲလှယ်ခဲ့ရပါတယ်။

ပွဲအပြီးတွင် ဘာစီလိုနာနှင့် စပိန်ကွင်းလယ်ကစားသမားပီဒရိုက "လာမိန်း အချိန်အနည်းဆုံးအနားယူလာရဖို့‌ မျှော်လင့်တယ်။ မနက်ဖြန် ဆေးစစ်ဆေးမှု ခံရပါမယ်။ အဲဒီတော့မှ ဘာဖြစ်သလဲဆိုတာ သိရပါမယ်။ သူ့အတွက် အားလုံး အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ သူက ငယ်သေးတော့ စိတ်အေးလက်အေးပါပဲ"လို့ ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင် လာမိန်းယာမဲလ်ရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးပါဘူး။

Diario AS က လာမိန်းယာမဲလ်မှာ ကြွက်သားဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသွားပါတယ်။

ကြွက်သားဒဏ်ရာပထမအဆင့်မှာ ရက်ပိုင်းအတွင်း ပြန်ကစားနိုင်ပေမယ့် ဒဏ်ရာဒုတိယအဆင့်မှာ သုံးပတ်အထိ အနားယူရပါတယ်။ တတိယအဆင့်ဖြစ်ပါက သုံးလနှင့်အထက်အထိ အနားယူရပါတယ်။

စပိန်ဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် ဇွန်လ ၁၅ ရက်နေ့တွင် ကိတ်ဗာဒီနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ၅၄ ရက်တည်းသာလိုပါတော့တယ်။

လာမိန်းယာမဲလ်ဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၄ ပွဲ ကစားထားရာမှာ ၂၄ ဂိုးသွင်းပြီး ၁၇ ကြိမ် ဖန်တီးထားပါတယ်။

image