ရာသီသိမ်းရန် ၄ ပွဲလိုသေးတဲ့အချိန်တွင် ဝုဗ်နှင့်အတူ ချန်ပီယံရှစ်သို့ တန်းဆင်းလိုက်ရတဲ့ စကော့ပါကားရဲ့ဘန်လေ
===================
ဘန်လေဟာ ဗုဒ္ဓဟူးနေ့ညတုန်းက မန်စီးတီးအား ရှုံးနိမ့်ပြီးနောက် ဝုဗ်နှင့်အတူ ပရီးမီးယားလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းလိုက်ရပြီ ဖြစ်ပါတယ်။
စကော့ပါကားရဲ့ ဘန်လေဟာ ပရီးမီးယားလိဂ်တစ်ရာသီလုံး တန်းဆင်းဇုန်အတွင်း ရပ်တည်လာခဲ့ရတာ ဖြစ်ပြီး ပွဲစဉ် ၃၄ အထိ ၄ ပွဲတည်းသာ အနိုင်ရထားပါတယ်။
တန်းတက်ဘန်လေဟာ ၃၄ ပွဲကစားပြီးချိန်တွင် ရမှတ် ၂၀ တည်းသာ ရယူထားနိုင်ပြီးရာသီလက်ကျန်ပွဲ ၄ ပွဲတည်းသာ ကျန်တော့တဲ့အချိန်တွင် တန်းဆင်းဇုန်ပြင်ပမှ ဝက်စ်ဟမ်းနှင့် ရမှတ် ၁၃ မှတ်အထိ ကွာဟနေပါတယ်။
ဘန်လေမတိုင်မီ ဝုဗ်ဟာလည်း တနင်္လာနေ့ညတုန်းက လာမယ့်ရာသီတွင် ချန်ပီယံရှစ်တွင် ကစားရရန် သေချာသွားခဲ့ပါတယ်။
ဘန်လေဟာ ယခုရာသီတွင် ရလဒ်ဆိုးရွားနေခဲ့ပေမယ့်လည်း အသင်းကို ပရီးမီးယားလိဂ်သို့ ပို့ဆောင်ပေးထားတဲ့ နည်းပြစကော့ပါကားအပေါ်တွင် အပြည့်အဝ ယုံကြည်မှု ပြသကာ ဆက်လက်လက်တွဲလာတာလည်း ဖြစ်ပါတယ်။
စကော့ပါကားရဲ့ ဘန်လေဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်တွင် ခံစစ်အဆိုးရွားဆုံးအသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံရှစ် ၄၆ ပွဲတွင် ၁၆ ဂိုးတည်းသာ ပေးခဲ့ရပြီး ချန်ပီယံရှစ်သမိုင်းတွင် အကောင်းဆုံးခံစစ်အသင်းအဖြစ် သမိုင်းမှတ်တိုင်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ၎င်းတို့ဟာ နွေရာသီမှာတော့ ဂျိမ်းစ်ထရက်ဖို့ဒ်၊ စီဂျေအီဂန်ရီလေတို့အား ဆုံးရှုံးခဲ့ရပြီး ကိုင်လီဝေါလ်ကားကို အစားထိုးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဘန်လေဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တုန်းက ပဲလေ့စ်ကို ၃-၂ ဖြင့် အနိုင်ရပြီးကတည်းက နိုင်ပွဲပျောက်နေခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဘန်လေအနေဖြင့် ရာသီသိမ်းချိန်တွင် တန်းအတူတူ ဆင်းရမယ့် ဝုဗ်ရဲ့အပေါ်တွင် ရပ်တည်နိုင်ရေး ရာသီလက်ကျန်ပွဲများတွင် ကြိုးစားခွင့်ရှိနေပါသေးတယ်။