ချဲလ်ဆီးနည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ယာယီနည်းပြထံမှ ဆက်သွယ်မှု တစုံတရာမရရှိကြောင်း ဂျွန်တယ်ရီ အတည်ပြုလာ
======================
ချဲလ်ဆီးဂန္ထဝင်အသင်းခေါင်းဆောင်ဂျွန်တယ်ရီက လီယမ်ရိုဆင်နီယာအား ထုတ်ပယ်လိုက်ပြီးနောက် ယာယီနည်းပြကာလမ်မက်ဖာလိန်းရဲ့ နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်ရေး ဆက်သွယ်ခြင်းခံရခြင်း မရှိကြောင်း အတည်ပြုလာပါတယ်။
မက်ဖာလိန်းဟာ ရာသီအကုန်အထိ ချဲလ်ဆီးယာယီနည်းပြအဖြစ် ကိုင်တွယ်လာမှာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ လိဒ်နှင့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် စတင် ကြီးကြပ်လာပါမယ်။
ချဲလ်ဆီးဟာ ၁၉၁၂ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၅ ပွဲဆက် ဂိုးမသွင်းနိုင်ဘဲ့ ရှုံ့းပွဲများကြုံရပြီးနောက် အသင်းကို ၁၀၆ ရက်တည်းသာ ကိုင်တွယ်ရသေးတဲ့ ရိုဆင်နီယာကို ထုတ်ပယ်လာတာလည်း ဖြစ်ပါတယ်။
မက်ဖာလိန်းဟာ နှစ်သစ်ကူးနေ့တွင် အန်ဇိုမာရက်စ်ကာ နုတ်ထွက်သွားပြီးနောက် ချဲလ်ဆီးယာယီနည်းပြအဖြစ် ၂ ပွဲ ကိုင်တွယ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
သူဟာ ရိုဆင်နီယာလက်အောက်တွင် ချဲလ်ဆီးနည်းပြအဖွဲ့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခုအခါ ယာယီနည်းပြအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်လာတော့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအကယ်ဒမီတွင် အချိန်ပိုင်းအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂျွန်တယ်ရီဟာ ဖေဖော်ဝါရီလတုန်းက ချဲလ်ဆီးယူ-၂၁ နှင့် ယူ-၁၈ တို့တွင် အတူတွဲလုပ်ခဲ့တဲ့ မက်ဖာလိန်း ယာယီနည်းအဖြစ် ဆောင်ရွက်လာချိန်တွင် မျက်ကွယ်မှုခြင်းခံရမှုအပေါ် စိတ်ပျက်ခဲ့ရဖူးပါတယ်။
ယခု ရိုဆင်နီယာ ထုတ်ပယ်ခံလာရချိန်တွင်လည်း မက်ဖာလိန်းက နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ဆက်သွယ်လာခြင်း မရှိကြောင်း ဂျွန်တယ်ရီက ထပ်မံ အတည်ပြုလာပြန်ပါတယ်။
တယ်ရီက "ကယ်လမ်ရဲ့ နည်းပြအဖွဲ့မှာ ဘယ်သူတွေ ပါဝင်လာမလဲ မသိပါဘူး။ ကျွန်တော့် ဘာဖုန်းခေါ်ဆိုမှုမှ မရပါဘူး။ မက်ဆေ့ချ်လည်း မရပါဘူး။ အကယ်ဒမီက အလုပ်ကိုပဲ ဆက်လုပ်သွားပါမယ်။ မနက်ဖြန် အကယ်ဒမီမှာ ရှိနေမယ်။ ပွဲကြီးအချို့ ရှိနေပါတယ်။ ကျွန်တော်တို့အားလုံး ကယ်လမ်ရဲ့နောက်မှာ ရှိနေပါမယ်။ ယခင် မန်စီးတီးနဲ့ပွဲမှာ သူ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်။ ကျွန်တော်တို့ ကောင်လေးတွေ နောက်ကနေ ရှိနေမယ်။ ဒါက ကျွန်တော်တို့ လုပ်ရမယ့်အရာပါ"လို့ ပြောကြားသွားပါတယ်။
ဂျွန်တယ်ရီဟာ ချဲလ်ဆီးအဝတ်အစားလဲခန်းအပေါ်တွင် ဩဇာသက်ရောက်နိုင်သူ ဖြစ်ပြီး ကယ်လမ်မက်ဖာလိန်းရဲ့ နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်စေချင်နေကြသူများလည်း ရှိနေပါတယ်။
တဖက်တွင် ဂျွန်တယ်ရီဟာ ကိုလ်ချက်စတာအသင်းကို ပေါင် ၁၄ သန်းဖြင့် ဝယ်ယူရေး ကြိုးပမ်းနေကြောင်းလည်း သတင်းထွက်နေပါသေးတယ်။