1 ပတ် - ဘာသာပြန်ပါ။

ကိုရင်ကို ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ကျောင်းထိုင်ဆရာတော်ကို လူဝတ်လဲပြီး ပုဒ်မ ၂၉၅ (က)နဲ့အရေးယူ

ကိုရင်ငယ် တပါးကို ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် ၊ ပဋိပတ္တိတောရကျောင်းက ကျောင်းထိုင်ဆရာတော် ဦးတေဇကို လူဝတ်လဲပြီး ရာဇသတ်ကြီး ပုဒ်မ ၂၉၅ (က) သာသနာညှိုးနွမ်း​စေမှုနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ဆရာတော် အရှင်သုနန္ဒက မိန့်ပါတယ်။
လက်ရှိမှာတော့ ဦးတေဇကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ် ။
" ၂၉၅ က ကြီးနဲ့ အရေးယူဆောင်ရွက်ထားပါတယ်လို့ အကြောင်းကြားလာတယ် ။အခုက သာသနာညှိုးနွမ်းမှုပုံရိပ်ရော အစစအရာရာစဥ်းစားပြီး အထက်ဖိအားရော ပတ်ဝန်းကျင်ရော သူတို့လုပ်နေပုံရပါတယ်။ကျောင်းမှာရှိတဲ့ ကိုရင်လေးတွေဘယ်လိုစီစဥ်မလဲမေးတော့ မူလဒွါရကျောင်းပိုင်ဖြစ်တဲ့အတွက် ဒွါရကျောင်းကပဲ ဆောင်ရွက်မယ့် သဘောရှိတယ်။ " လို့ ဆရာတော်အရှင်သုနန္ဒက မိန့်ပါတယ်။
ကျောင်းထိုင်ဆရာတော် ဦးတေဇကို ဧပြီ ၂၂ ရက်နေ့မနက်ပိုင်းမှာ ရပ်ကျေးသံဃနာယက ၊ မြို့နယ်သံဃာနာယကအဖွဲ့ အပါအဝင် မြို့နယ် ရဲတပ်ဖွဲ့ နဲ့ အာဏာပိုင်တွေ ပူးပေါင်း ဖမ်းဆီးပြီး စစ်​ဆေးမေးမြန်းခဲ့ပြီးနောက်မှာပဲ လူဝတ်လဲကာ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
" မနေ့က ခံဝန်လောက်နဲ့ပဲ ပြီးနိုင်တယ်ဆိုတာ သတင်းတွေတက်လာတော့ မဖြစ်သင့်ဘူး ထိရောက်တဲ့အရေးယူမှု လုပ်ဖို့လိုကြောင်း ပြည်သူတွေက ဝိုင်းပြောကြတယ်။ အဲဒါကြောင့် လူဝတ်လဲအမှုဖွင့်တာဖြစ်မယ်။ ကိုရင်လေးကို ရိုက်လို့အော်နေတဲ့အသံ ကြားရတာတောင် မခံစားနိုင်ဘူး ။ ဒါကို သူက တုတ်နဲ့ရိုက်လိုက် ပါးတွေရိုက်လိုက်နဲ့ လုပ်ရက်တာ ။ ဘုန်းကြီးဖြစ်ပြီးတော့ ဒီလောက်ဒေါသမောဟကြီးပြီး အကြင်နာတရားမရှိတာ ဒီထက်ကို ပိုအရေးယူသင့်တာ ။ " လို့ ပြည်သူတယောက်က မှတ်ချက်ပြုပြောပါတယ်။
ကိုရင်လေးကို ပြင်းထန်စွာ ရိုက်နှက်နေတဲ့ ရုပ်သံဖိုင်ဟာ ဧပြီ ၂၁ ရက်နေ့က လူမှုကွန်ယက်မှာ ပျံ့နှံခဲ့လာတာဖြစ်ပြီး အဲဒီနောက်မှာ ရဟန်း သံဃာနဲ့ ပြည်သူလူထုအကြား ဝေဖန်မှုတွေထွက်ပေါ်ခဲ့ကာ ရိုက်နှက်ခဲ့တဲ့ ဆရာတော်ကို ထိရောက်တဲ့အရေးယူမှုပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ် ။
အဲဒီနောက်မှာ သံဃနာယက အဖွဲ့တွေနဲ့ မြို့နယ်အာဏာပိုင်အဖွဲ့တွေက ကျူးလွန်တဲ့ ဦးတေဇကို အချိန်တိုအတွင်းမှာ ဖမ်းဆီးနိုင်ခဲ့ပြီး လူဝတ်လဲကာ အာဏာစက်နဲ့အရေးယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ရိုက်နှက် ခံခဲ့ရ တဲ့ကိုယ်ရင်လေးကတော့ အသက် ၁၀ နှစ်အရွယ် ဝန်းကျင်ရှိပြီး ဒဏ်ရာအညိုမည်းထင်တာလွဲလို့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

image