ပို့စ်မောက်အား ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံရှစ်ဖလားဆွတ်ခူးလာတဲ့ ဖရန့်လမ်းပတ်ရဲ့ ကိုဗင်ထရီ
==================
ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရထားပြီးဖြစ်တဲ့ ကိုဗင်ထရီဟာ အိမ်ကွင်းတွင် ပို့စ်မောက်ကို ဂိုးပြတ်အနိုင်ယူကာ ရာသီသိမ်းရန် ၂ ပွဲလိုသေးတဲ့အချိန်တွင် ချန်ပီယံရှစ်ချန်ပီယံ ဖြစ်လာပါတယ်။
ဖရန့်လမ်းပတ်ရဲ့ ကိုဗင်ထရီဟာ ပွဲအစ ၁၂ မိနစ်မှာပင် ရူဒိုနီရဲ့ ညာခြမ်းမှ ဖြတ်တင်ဘောကနေ ဟာဂျီရိုက်ရဲ့ ခေါင်းတိုက်ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပါတယ်။
ယင်းနောက် ဒုတိယပိုင်းအစတွင် နောက်ပြန်ပေးတဲ့ ဘောလုံးကို ပို့စ်မောက်ဂိုးသမားနီကိုလပ်စ်ရှာမက် ထိချက်မှားရာကနေ အီဖရွန်မေဆင်ကလာ့ခ်က အကာအကွယ်မဲ့နေတဲ့ ဂိုးပေါက်တဲ့ ကန်သွင်းကာ ဒုတိယဂိုး ရရှိခဲ့ပါတယ်။
ဧည့်သည်အသင်းအတွက် ပိုဆိုးလာတာကတော့ ဗဟိုနောက်ခံလူရီဂန်ပိုးလီက မီလန်ဗန်အီဝစ်ခ်ရဲ့အနိမ့်ဖြတ်တင်ဘောကို ဖျက်ထုတ်ရာမှာ OG ဂိုးသွင်းမိသွားပါတယ်။
ပွဲချိန် ၆၉ မိနစ်မှာ ဆီဂျီခီက ပို့စ်မောက်အတွက် ချေပဂိုးသွင်းခဲ့ပေမယ့်လည်း မေဆင်ကလာ့ခ်နဲ့ လူစားဝင်ရောက်လာတဲ့ ကီဆလာဟေဒန်တို့က ဂိုးထပ်မံသွင်းယူခဲ့လို့ ကိုဗင်ထရီတို့ ၅-၁ ဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။
ပို့စ်မောက်ဟာ ချန်ပီယံကိုဗင်ထရီကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ချန်ပီယံရှစ်တွင် ဆက်လက် ရှင်သန်ရန် သေချာသွားခဲ့တာကြောင့် ပွဲအပြီးမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ကိုဗင်ထရီဟာ သောကြာနေ့တုန်းက ဘလက်ဘန်းနဲ့ သရေကျပြီးကတည်းက ၂၅ နှစ်ကြာ စောင့်ဆိုင်းလာခဲ့ရတဲ့ ပရီးမီးယားလိဂ်တွင် ပြန်ကစားရေး တန်းတက်ခွင့်ရလာခဲ့တာပါ။
ကိုဗင်ထရီတို့ နောက်ဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့တာ ၁၉၆၇ ခုနှစ်တုန်းက ဖြစ်ပါတယ်။
ကိုဗင်ထရီဟာ ချန်ပီယံစောစောစီးစီး ဖြစ်လာမှုနှင့်အတူ လာမယ့် တနင်္ဂနွေနေ့မှာ ဝရက်စ်ဟမ်းနှင့်ပွဲစဉ်ကို ဖိအားကင်းကင်းဖြင့် ကစားနိုင်တော့မှာလည်း ဖြစ်ပါတယ်။