ဓားဖြင့် အထိုးခံရပြီးနောက် အသက်ကယ်ဆယ်ရေး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတဲ့ ယူရိုပါလိဂ်စတား
====================
မက်ဂျီလန်းစတားအလာမာရာဒီဂျာဘီဟာ ဓားထိုးခံရပြီး ပြင်းထန်ဒဏ်ရာရရှိပြီးနောက် အသက်ကယ်ဆယ်ရေး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပါတယ်။
အသက် ၁၉ နှစ်ရှိ အလယ်တန်းကစားသမားဟာ တနင်္ဂနွေနေ့ နံနက် ၃ နာရီ ၃၀ မိနစ် ဝန်းကျင်အချိန်တွင် ဒိန်းမတ်ရှိ ဟာနင်းမြို့တွင် တုန်လှုပ်ဖွယ် တိုက်ခိုက်မှုနှင့် ကြုံခဲ့ရတာ ဖြစ်ပြီး ယခုအခါ အခြေအနေမှာ စိုးရိမ်စရာအနေအထားတွင် မရှိတော့ပါဘူး။
ဒီဂျာဘီဟာ ဓားထိုးခံရကာ သတိမေ့လျော့နေခဲ့ပြီးနောက် ပြန်လည်သတိရလာခဲ့ပြီဖြစ်ပြီး ခွဲစိတ်ကုသမှု ၂ ကြိမ်ပြုလုပ်ခဲ့ရပါတယ်။
ဒိန်းမတ်ရဲတပ်ဖွဲ့က ဒီဂျာဘီကို ဓားဖြင့် ထိုးခဲ့တဲ့ အသက် ၂၀ နှစ်အရွယ်ရှိ အသားဖြူဖြူ၊ အနက်ရောင်ဆံပင်တိုတို လူငယ်အား ရှာဖွေနေကြောင်း ကြေညာထားပါတယ်။
ဒီဂျာဘီဟာ နွေရာသီတုန်းက ယူရိုပါလိဂ်ဝင်ခွင့်ရ မက်ဂျီလန်းသို့ ပြောင်းလာခဲ့သူ ဖြစ်ပြီး ဆဲလ်တစ်၊ ရိုးမား၊ ဂျန့်၊ ဒိုင်နမိုဇာဂရက်တို့နှင့်ပွဲစဉ်များတွင် အရန်အဖြစ် ဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။
သူဟာ ပေါ်တူဂီဒုတိယတန်းကလပ် စီဒီမာဖရာတွင် ကစားသမားဘဝ စတင်ခဲ့သူလည်း ဖြစ်ပါတယ်။