လူတူစက်ရုပ်ကမာရသွန်ပြေးပွဲတွင်လူသားတို့ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့
တနင်္ဂနွေနေ့က မြို့တော်ပေကျင်းတွင် ကျင်းပခဲ့သော လူပုံတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သောစက်ရုပ်သည် ပြိုင်ပွဲကို ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်ကာ လူသားတို့တင်ထားသော စံချိန်ကို ချိုးဖျ-က်နိုင်ခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံက စက်ရုပ်နည်းပညာတွင် အလျင်အမြန်တိုးတက်နေမှုကို ပြသရာရောက်ခဲ့သည်။
ပြီးခဲ့သည့်နှစ် ဧပြီလက တရုတ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး စက်ရုပ် မာရသွန်ဝက်ပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်ပြိုင်ပွဲဖြစ်သည်။ ပထမအကြိမ်ပြိုင်ပွဲတွင် စံချိန် ၂ နာရီ ၄၀ မိနစ် ၄၂ စက္ကန့်ဖြင့် အနိုင်ရခဲ့သောစက်ရုပ်၏ စံချိန်ကို လက်ရှိချန်ပီယံဖြစ်ခဲ့သော လူတူစက်ရုပ်က အပြတ်အသတ် ကျော်ဖြတ်နိုင်ခဲ့သည်။
ယခုနှစ်မတ်လအတွင်းက လစ္စဘွန်းမြို့တွင် ကျင်းပခဲ့သော မာရသွန်ဝက်ပြိုင်ပွဲတွင် ယူဂန္ဓာနိုင်ငံမှ ဂျက်ကော့ဘ် ကစ်ပလီမိုက စံချိန် ၅၇ မိနစ် ၂၀ စက္ကန့်ဖြင့် ကမ္ဘာ့စံချိန်သစ်တင်ထားခဲ့သည်။
ပါဝင်ယှဉ်ပြိုင်ခဲ့သော စက်ရုပ်အဖွဲ့အရေအတွက်သည် ပြီးခဲ့သည့်နှစ်တွင် ၂၀ ခန့်သာရှိခဲ့ရာမှ ၁၀၀ ခန့်အထိတိုးလာခဲ့ပြီး လူတူစက်ရုပ်အပြေးသမားများသည် အလိုအလျောက်လမ်းညွှန်စနစ် သို့မဟုတ် အဝေးထိန်းစနစ်ဖြင့် ပြေးကြသည်။ တရုတ်မီဒီယာများ၏ အဆိုအရ ပါဝင်သည့်စက်ရုပ်များ၏ ၄၀ ရာခိုင်နှုန်းခန့်သည် အလိုအလျောက်စနစ်ဖြင့် ပြေးကြသည်ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စုနှင့် နည်းပညာ၌ ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ တရုတ်နိုင်ငံသည် ညဏ်ရည်တုသုံး လူပုံတူစက်ရုပ်များနှင့် စွမ်းအင်သစ်ယာဉ်များကဲ့သို့သော ခေတ်မီထုတ်ကုန်များ ထုတ်လုပ်မှုကို မြှင့်တင်ရန် စိတ်အားထက်သန်ခဲ့သည်။
မီဒီယာသတင်းများအရ ယခုနှစ် မာရသွန်ဝက်ပြိုင်ပွဲတွင် ပါဝင်သော အဖွဲ့များ၌ စက်ရုပ်ကုမ္ပဏီအသစ်များနှင့် Tsinghua တက္ကသိုလ်ကဲ့သို့သော ပညာရေးအဖွဲ့အစည်းများအပြင် ဂျာမနီ၊ ပြင်သစ်နှင့် ဘရာဇီးနိုင်ငံများမှ အဖွဲ့များအပါအဝင် ပြည်ပမှ အဖွဲ့များ ပါဝင်ခဲ့သည်။