လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ကြောင်း ကိုနာတေး အတည်ပြုလာ
=====================
အီဘရာဟီမာကိုနာတေးက လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုရေး သဘောတူညီမှု ရရှိရန် နီးစပ်နေပြီး အန်ဖီးလ်တွင် ဆက်ရှိနေရန် ကြီးမားတဲ့ အခွင့်အရေး ရှိနေကြောင်း အတည်ပြု ပြောကြားလာပါတယ်။
ပြင်သစ်ဗဟိုနောက်ခံလူဟာ ရက်ဘူးလ်လိုက်ဇစ်မှ ပေါင် ၃၅ သန်းဖြင့် ၅ နှစ်စာချုပ်ဖြင့် ရောက်လာခဲ့ပြီးနောက် ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။
တနင်္ဂနွေနေ့ မာဆေးဆိုက်ဒါဘီပွဲစဉ်အပြီးမှာတော့ အသက် ၂၆ နှစ်ရှိ ကိုနာတေးက "လူတွေ ပြောနေတာတွေ အများကြီးပါ။ ဒါပေမယ့် ကျွန်တော်တို့ ကလပ်နဲ့ ရေရှည်စကားပြောလာပြီးတဲ့နောက် သဘောတူညီမှုရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ လူတွေက အမြန်ဆုံးဖြစ်စေချင်နေကြတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လမ်းကြောင်းကောင်းပေါ်မှာ ရှိနေပါတယ်"လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ကိုနာတေးက "လာမယ့်ရာသီမှာ ဒီမှာ ဆက်ရှိနေဖို့ အခွင့်အရေးကြီး ရှိနေတာ သေချာပါတယ်။ ဒါက ကျွန်တော် အမြဲတမ်း ဖြစ်စေချင်တဲ့အရာပါ။ စာချုပ်ကိစ္စပြေလည်ဖို့ စောင့်နေပါတယ်။ ဒါပေမယ့် အားလုံးအဆင်ပြေသွားပြီးချိန်ကျရင် လူတွေ အများကြီး ပြောဆိုနေခဲ့ကြတဲ့ စက်တင်ဘာ၊ နိုဝင်ဘာတုန်းက ရစ်ချက်(အားကစားဒါရိုက်တာရစ်ချက်ဟုချ်)ကို ကျွန်တော်ပြောခဲ့တာကို မေးမြန်းနိုင်ပါတယ်။ သူကလည်း အားလုံးနှုတ်ဆိတ်သွားဖို့ တခုခု ပြောပါလိမ့်မယ်။ သူ ပြောချင်တဲ့အချိန်ကျရင် မြင်လာရမှာပါ။ ကျုပ်ကတော့ ဒီလိုပဲ ဖြစ်စေချင်တယ်"လို့ ပြောကြားသွားပါတယ်။
ကိုနာတေးဟာ လီဗာပူးသို့ ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၁၁၃ ပွဲကစားထားကာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလားတို့ ဆွတ်ခူးထားနိုင်ပါတယ်။
လီဗာပူးဟာ ယခုရာသီမှာ ဆုဖလားလက်မဲ့ ရာသီတစ်ခု ကြုံလာမှာ ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး အခြေအနေကောင်းနေတုန်း ဖြစ်ပါတယ်။