ရော်နယ်ဒိုထက် ၁၀ ဆ ကြွယ်ဝချမ်းသာကာ အချမ်းသာဆုံးဘောလုံးသမားဖြစ်လာပြီးနောက် ချားလ်ဘုရင်နှင့် ဆုံတွေ့ခွင့်ရခဲ့တဲ့ အာဆင်နယ်စတားဟောင်း
==================
အာဆင်နယ်နှင့်ပြင်သစ်စတားဟောင်းမက်သရူးဖလာမီနီဟာ ဘက်ကင်ဟမ်နန်းတော်သို့ သွားရောက်ကာ ချားလ်ဘုရင်(၃)ဖြင့် ဆုံတွေ့ခွင့်ရခဲ့ပါတယ်။
အသက် ၄၂ နှစ်ရှိ ဖလာမီနီဟာ မာဆေး၊ အေစီမီလန်၊ ခရစ္စတယ်ပဲလေ့စ်နှင့် ဂီတာဖေးတို့တွင်လည်း ကစားခဲ့သူ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ ကစားသမားဘဝမှ အနားယူပြီးနောက် ဇီဝဓာတုဗေဒကုမ္ပဏီ GFBiochemicals အား ပူးတွဲတည်ထောင်ခဲ့ပါတယ်။ ယင်းလုပ်ငန်းက ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်ကြီးမားသထက် ကြီးမားလာပြီး နောက်ပိုင်းနှစ်များတွင် ပိုမိုအရေးပါလာခဲ့ပါတယ်။
ဖလာမီနီဟာ ယင်းကုမ္ပဏီတွင် စီအီးအိုအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပြီး ပေါင် ၁၀ ဘီလီယံကြွယ်ဝချမ်းသာသူလည်း ဖြစ်ပါတယ်။
သူဟာ ယခင်တုန်းကလည်း ချားလ်ဘုရင်နှင့် တွေ့ဆုံခဲ့ဖူးသူ ဖြစ်ပါတယ်။
တဖက်တွင် GFBiochemicals ဟာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော လီဗူလီနစ်အက်ဆစ်ထုတ်လုပ်မှုအား တိုးမြှင့်ထုတ်လုပ်နေပါတယ်။ ယင်းအက်ဆစ်မှာ ဆပ်ပြာကဲ့သို့သော ထုတ်ကုန်များကို ထုတ်လုပ်ရာတွင် CO2 ကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပေးစေပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ရှေ့တန်းမှ လုပ်ဆောင်နေတဲ့ ဖလာမီနီဟာ အာဆင်နယ်ကစားဖော်ဟောင်းမီဆတ်အိုဇေးလ်နှင့်လည်း တွဲဖက်ကာ UNITY အမည်ရှိ ပစ္စည်းထောက်ပံ့ရေးကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်ထားပါတယ်။
ဖလာမီနီဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက အပင်အခြေခံ အစားအသောက်များကို စားသုံးလာသူဖြစ်ပြီး ယင်းအချက်ကြောင့် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။