အာဆင်နယ်ကို မန်စီးတီး အနိုင်ရရှိသွားပြီးနောက် ပရီးမီးယားလိဂ်ရာသီ ဘယ်လို ဇာတ်သိမ်းလာမယ်ဆိုတာ စူပါကွန်ပျူတာ ဟောကိန်းထုတ်လာ
===================
အာဆင်နယ်ဟာ အီတီဟတ်မှာ မန်စီးတီးကို ၂-၁ ဖြင့် အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးရေးအပေါ် ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပါဘူး။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်အထိ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး အခြေအနေအကောင်းဆုံးဖြစ်နေခဲ့တဲ့အသင်းပါ။ ဒါပေမယ့် အခုတော့ မဟုတ်တော့ပါဘူး။
အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက အမှတ်ပေးဇယားကို ၉ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ယခုအခါမှာတော့ ၃ မှတ်တည်းသာ ဖြတ်ထားနိုင်ပါတော့တယ်။
မန်စီးတီးဟာ ပွဲလျှော့ ၁ ပွဲကစားထားပြီး ကြားရက်မှာ ဘန်လေကို အနိုင်ရလာမယ်ဆိုရင် အမှတ်ပေးဇယားကို ဂိုးကွာခြားချက်ဖြင့် ဦးဆောင်လာနိုင်တော့မှာ ဖြစ်ပါတယ်။
ယခုအခါ FindSisterSites ရဲ့ စူပါကွန်ပျူတာ BETSiE က ပရီးမီးယားလိဂ်ရာသီ ဘယ်လို သိမ်းလာမယ်ဆိုတာ ဟောကိန်းထုတ်လာပါတယ်။
BETSiE က မန်စီးတီးက အာဆင်နယ်ကို ၁ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာမယ်လို့ ဟောကိန်းထုတ်လာပါတယ်။
BETSiE က မန်စီးတီးကို ၈၃ မှတ်ဖြင့် ချန်ပီယံဖြစ်လာမယ်လို့ ဆိုထားပြီး အာဆင်နယ်ကို ၈၂ ဖြင့် ဒုတိယအဖြစ်ဖြင့်သာ ကျေနပ်လာရမယ်လို့ ဆိုထားပါတယ်။
ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ၂၀၂၃-၂၄ ရာသီတုန်းက ၈ မှတ်ပြတ်နေတဲ့အနေအထားကနေ ၂ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့ဖူးသလို ၂၀၂၂-၂၃ ရာသီတုန်းကလည်း ၆ မှတ်ဖြတ်အနေအထားကနေ ၅ မှတ်ဖြတ်ကာ အာဆင်နယ်ကို နောက်ကောက်ချခဲ့ဖူးပါတယ်။
ဒါ့အပြင် BETSiE က ယူနိုက်တက်ကို အဆင့် ၃ ၊ ဗီလာကို အဆင့် ၄ နှင့် လီဗာပူးကို အဆင့် ၅ အသီးသီး ရပ်တည်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရလာမယ်လို့ ဆိုထားပါတယ်။
BETSiE က ချဲလ်ဆီးကို အဆင့် ၆၊ ဘရန့်ဖို့ဒ်ကို အဆင့် ၇ ၊ ဘုန်းမောက်ကို အဆင့် ၈ နှင့် ဘရိုက်တန်ကို အဆင့် ၉ နေရာမှာ ရပ့်တည်လာမယ်လို့ ဟောကိန်းထုတ်ထားပါသေးတယ်။
တဖက်တွင် BETSiE က စပါးစ်ကို အဆင့် ၁၈ နေရာမှာ ရပ်တည်ပြီး ချန်ပီယံရှစ်သို့ တန်းဆင်းရမယ်လို့ ဆိုထားပါတယ်။ စပါးစ်နှင့်အတူ ဘန်လေ၊ ဝုဗ်တို့လည်း တန်းဆင်းရပါမယ်။
ဝက်စ်ဟမ်းနှင့် နော်တင်ဟမ်ဖောရက်စ်တို့ကတော့ ပရီးမီးယားလိဂ်မှာ ဆက်လက် ရှင်သန်ခွင့်ရလာမယ်လို့ BETSiE က ဟောကိန်းထုတ်ထားပါတယ်။